Tesla ကုမ္ပဏီဟာ လျှပ်စစ်ကားတွေကို ဧပြီလအတွင်းက ဆော်ဒီအာရေးဗျမှာ တရားဝင်စတင်မိတ်ဆက်ခဲ့ပြီး Riyadh မြို့မှာ ပထမဆုံးအရောင်းပြခန်း ဖွင့်လှစ်ခဲ့ရာ ရောင်းအားကောင်းနေပါတယ်။ အဲဒီအရောင်းပြခန်းမှာ Model 3၊ Model Y နဲ့ Cybertruck မော်တော်ယာဉ်တွေ ရရှိနိုင်ပြီး မကြာမီကာလမှာ အရောင်းပြခန်းတွေ ဆက်လက် ဖွင့်သွားဖို့လည်း ရှိတယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။

Riyadh မှာ ကျင်းပခဲ့တဲ့ အရောင်းပြခန်းမိတ်ဆက်ပွဲမှာ Tesla က နည်းပညာသစ်ဖြစ်တဲ့ မောင်းသူမဲ့ အလို လျှောက် Cybercab နဲ့ လူသားဆန် စက်ရုပ်ဖြစ်တဲ့ Optimus တို့ကိုပါ ပြသခဲ့တာပါ။ ဆော်ဒီအာရေးဗျမှာ လျှပ်စစ်ကားတွေအတွက် အားသွင်းစက်ကိရိယာတွေ နည်းနေသလို အလွန်ပြင်းထန်တဲ့ အပူချိန်ကြောင့် ဘက်ထရီစွမ်းဆောင်ရည် ထိခိုက်နိုင်တာလိုမျိုး စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။ ဒါ့ကြောင့် Tesla က ဆော်ဒီ မှာရှိတဲ့ အရေးကြီးမြို့တွေကို ဦးစားပေးပြီး Supercharger အားသွင်းစခန်းတွေ တည်ဆောက်သွားမှာဖြစ်ပြီး စွမ်းအင်တည်တံ့မှုအတွက် ဆော်ဒီအစိုးရကလည်း အားသွင်းကွန်ရက်ဖွံ့ဖြိုးရေးအပေါ် အာရုံစိုက်နေပါတယ်။