စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်မောင်းတွေကို ယာဉ်မောင်းစမတ်ကတ် ဖျက်သိမ်းတာအပြင် ကညန ယာဉ် မောင်းလိုင်စင်ကိုပါ အချိန်ကာလတစ်ခု သတ်မှတ်ပြီး ပိတ်သိမ်းအရေးယူဖို့ ဆောင်ရွက်သွားမယ်လို့ YRTC ဒုတိယ ဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောပါတယ်။ ဇန်နဝါရီ ၁၆ ရက်က ကျင်းပပြုလုပ်တဲ့ YBS ယာဉ်မောင်းတွေကို အသိပညာ ပေးဆွေးနွေးပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

YBS ယာဉ်မောင်းတွေအနေနဲ့ ခရီးသည်တွေ ဘေးအန္တရာယ်ကင်းစွာ လိုရာခရီးရောက်အောင် ပို့ဆောင်ပေးဖို့ တာ ဝန်ရှိပြီး သေဆုံးမှု၊ ဒဏ်ရာရမှုတွေ ကျဆင်းရေး၊ ယာဉ်စည်းကမ်း အကြိမ်ကြိမ်ဖောက်ဖျက်ကျူးလွန်မှု မရှိစေရေး၊ ယာဉ်မောင်းတွေ မူးယစ်ဆေးဝါးသုံးစွဲပြီး မောင်းနှင်တာ မရှိစေရေးတို့အတွက် အသိပညာပေး ဆွေးနွေးတာတွေ ပြုလုပ်ရတာ ဖြစ်တယ်လို့ YRTC ဒုတိယ ဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောပါတယ်။အရင်နှစ်က ဘေးတံခါးဖွင့်မောင်းတာကြောင့် ခရီးသည်ပြုတ်ကျသေဆုံးမှု ၆ ကြိမ်အထိ ရှိခဲ့ရာ အခုနှစ်မှာတော့ ခရီးသည်ပြုတ်ကျ သေဆုံးမှုဟာ ၃ ကြိမ်အထိ ကျဆင်းခဲ့ရတယ်လို့ ဆိုပါတယ်။

စည်းကမ်းမဲ့ မောင်းနှင်ရတဲ့ အကြောင်းရင်းမှာ ယာဉ်မောင်းတွေဟာ ပုတ်ပြတ်စနစ်နဲ့ လုယက်မောင်းနှင်ကြပြီး အခေါက်ရေများများ ရလိုစိတ်နဲ့ ကျော်တက်မောင်းနှင်လို့ မရရင် ဒေါသတွေထွက်ကာ ရန်လိုစိတ်နဲ့ ခရီးသည် တွေနဲ့ ယာဉ်မောင်းအချင်းချင်း မချေမငံ ဆက်ဆံတာတွေ၊ ခိုက်ရန်ဖြစ်ပွားတာတွေ၊ YBS ယာဉ်တွေ အချင်းချင်း ကျော်တက်မောင်းနှင်တာ၊ လမ်းပြောင်းပြန်မောင်းတာ၊ မီးနီဖြတ်မောင်းတာ၊ သတ်မှတ်ကီလိုထက် ပိုမောင်းတာ တွေကို YRTC က လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူးလို့လည်း YRTC ဒုတိယ ဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောပါတယ်။

စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်မောင်းတွေကို ယာဉ်မောင်းစမတ်ကတ် ဖျက်သိမ်းတာအပြင် ကညန ယာဉ် မောင်းလိုင်စင်ကိုပါ ပိတ်သိမ်းအရေးယူနိုင်ဖို့ ကညနကို အကြောင်းကြားစာ ပေးပို့သွားမှာ ဖြစ်တယ်လို့ YRTC တွဲ ဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။ အခုနှစ်မှာလည်း စည်းကမ်းမဲ့ YBS ယာဉ်မောင်းတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့ ထိရောက်တဲ့ ကြပ်မတ်မှုတွေနဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အသိပညာပေး ဆွေးနွေးပွဲကိုတော့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က တာဝန်ရှိသူတွေနဲ့ စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်မောင်း ၁၀၀ တို့ တက်ရောက်ခဲ့ကြပါတယ်။