အခုနှစ် ပထမ ၄ လအတွင်း စင်ကာပူမှာ တရုတ်နိုင်ငံထုတ် ဘီဝိုင်ဒီ လျှပ်စစ်ကားဟာ လူကြိုက်အများ ဆုံး ရောင်းအားအကောင်းဆုံး ကားအမျိုးအစား ဖြစ်လာတယ်လို့ The Straits Times သတင်းမှာ ရေးသားထားပါတယ်။

၂၀၂၅ ပထမလေးလပတ်အတွင်း စင်ကာပူမှာ ဘီဝိုင်ဒီကားအစီးရေ ၃၀၀၂ အထိ ရောင်းချခဲ့ရပြီး ကားစုစုပေါင်းရောင်းအားရဲ့ ၂၀ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ တိုယိုတာကားကတော့ အစီးရေ ၂၀၅၀ သာ ရောင်းချခဲ့ရပြီး ဘီဝိုင်ဒီရဲ့အဓိကပြိုင်ဘက်လျှပ်စစ်ကား ကုမ္ပဏီဖြစ်တဲ့ တက်စလာကတော့ ၅၃၅ စီးသာ ရောင်းချခဲ့ရတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ဘီဝိုင်ဒီကားကုမ္ပဏီဟာ စင်ကာပူ ကားဈေးကွက်ထဲကို ၂၀၂၂ မှာ ဝင်ရောက်လာခဲ့ပြီး တက်စလာကား ကုမ္ပဏီထက် တစ်နှစ်နောက်ကျပါတယ်။

ဒါပေမဲ့ သူ့ကားက တက်စလာထက် ရောင်းအားပိုကောင်း နေတာ ဖြစ်ပါတယ်။ဘီဝိုင်ဒီ ကားကုမ္ပဏီဟာ အရှေ့တောင်အာရှမှာလည်း ရောင်းအားကောင်းနေပြီး သူ့ရဲ့ရောင်းအား အကောင်းဆုံး နိုင်ငံခြားကားဈေးကွက်က ထိုင်းနိုင်ငံဖြစ်ပြီး လက်ရှိ ဘီဒီဝိုင်ကားကုမ္ပဏီဟာ ဥရောပနဲ့ လက်တင်အမေရိကအထိ ဈေးကွက်တိုးချဲ့ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။