စက်သုံးဆီဝယ်ယူခွင့်ကတ်ပြား(စမတ်ကတ်)နဲ့ စက်သုံးဆီဝယ်ယူဖို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆီဆိုင်ကြီးတွေမှာ ကနဦးစမ်းသပ်အသုံးပြုဖို့စီစဉ်နေတယ်လို့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
စက်သုံးဆီကို စမတ်ကတ်နဲ့ရောင်းချဖို့စီစဉ်တာဟာ တရားမဝင်မှောင်ခိုဈေးကွက်ထဲကို စက်သုံးဆီတွေ အကြိမ်ကြိမ် ထုတ်ယူပြီး ဖြန့်ဖြူးရောင်းချနေတာတွေကိုတားဆီးဖို့နဲ့ ဆီပြတ်လပ်တာ၊ တန်းစီဝယ်ယူတာတွေကို ဖြေရှင်းနိုင်ဖို့ရည်ရွယ်ပြီးဆောင်ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ စက်သုံးဆီဆိုင်တွေမှာ ဆီလာရောက်ဝယ်ယူသူတွေကို စမတ်ကတ်တွေထုတ်ပေးဖို့ ရည်ရွယ်ထားပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဆီဆိုင်ကြီးတွေမှာ စတင်စမ်းသပ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
စမတ်ကတ်နဲ့ဝယ်ယူရာမှာ အဆင်ပြေတယ်ဆိုရင်တော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်အောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ စက်သုံးဆီဝယ်ယူခွင့်ကတ်ပြား(စမတ်ကတ်)နဲ့ ဆီဝယ်ယူတဲ့အခါ ယာဉ်နံပါတ်၊ ယာဉ်အမျိုးအစားနဲ့ ဝယ်ယူတဲ့ဆီအမျိုးအစားတွေကို အချက်အလက်ကောက်ယူနိုင်တဲ့ကတ်အမျိုးအစားဖြစ်ဖြစ်ပြီး တစ်ရက်ကို တစ်ကြိမ်သာ အကန့်အသတ်နဲ့ဆီဝယ်ယူဖို့ ဆောင်ရွက်တာမဟုတ်ဘူးလို့ သိရပါတယ်။