ကားတင်သွင်းမှုအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမှု ရပ်ဆိုင်းမှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြလာပါတယ်။ အမေရိကန်သမ္မတက ဧပြီ ၉ ရက်မှာ အခွန် အများအပြား ကောက်ခံမှုကို ရက် ၉၀ ကြာ ရပ်နားခဲ့ပေမယ့် ကားတင်သွင်းမှုအပေါ် အခွန် ၂၅ ရာခိုင်နှုန်းနဲ့ ယာဥ်အစိတ်အပိုင်းတွေအပေါ် စည်းကြပ်ခွန်ကောက်ခံမှုကိုတော့ ဆိုင်းငံ့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာပါ။

ဒါ့ကြောင့် မစ်ရှီဂန်စီးပွားရေးလုပ်ငန်းတွေနဲ့ မော်တော်ကားအုပ်စုတွေအကြား ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါ တယ်။ အမေရိကန်သမ္မတရဲ့ ကုန်သွယ်မှုမူဝါဒ မသေချာမရေရာမှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ မော်တော် ကားလုပ်ငန်းတွေအကြား များစွာ အနှောင့်အယှက် ဖြစ်ပေါ်နေတာပါ။

အမေရိကန် အစိုးရရဲ့ အခွန်မူဝါဒအသစ်တွေကို ကြေညာပြီးတဲ့နောက်ပိုင်း နိုင်ငံတကာ ရှယ်ယာစျေးကွက်တွေမှာ လည်း ဆိုးဆိုးရွားရွား ကျဆင်းတာ ကြုံလာရပါတယ်။ နိုင်ငံ အများအပြားကလည်း အမေရိကန်ရဲ့ အခွန်မြှင့်တင်မှု အသစ်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်နိုင်မဲ့ အစီအမံတွေကို စဉ်းစားနေတယ်လို့ ထုတ်ဖော် ပြောကြားထားကြပါတယ်။