လုပ်ငန်းသုံးသံချောင်းတွေကို အရည်အသွေး စစ်ဆေးဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ နေပြည်တော်ရှိ စက်မှုဇုန်တွေမှာ သံမဏိ အရည်အသွေးတိုင်း ဓာတ်ခွဲခန်းတွေ တည်ဆောက်သွားမယ်လို့ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်းကနေ သိရပါတယ်။

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့တဲ့ အဆောက်အဦတွေကို ပြန်လည်တည်ဆောက်ရာမှာ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းဖြစ်တဲ့ သံချောင်းတွေကို စံချိန်စံညွှန်းနဲ့ အရည်အသွေးပြည့်မီစေဖို့ သံမဏိမူဝါဒထု တ်ပြန်ထား ပြီး ဖြစ်ပါတယ်။အဲဒီမူဝါဒနဲ့အညီ သံမဏိသံချောင်းတွေရဲ့ အရည်အသွေးကို တိုင်းတာစစ်ဆေးနိုင်ဖို့အတွက် သက်ဆိုင်ရာ စက်မှု ဇုန်တွေမှာ နိုင်ငံတကာအသိအမှတ် ပြုဓာတ်ခွဲခန်းတွေ တည်ထောင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။အဲဒီလိုစစ်ဆေးရာမှာ ပြည်တွင်းက ထုတ်လုပ်တဲ့ သံမဏိချောင်းတွေနဲ့ ပြည်ပကတင်သွင်းတဲ့ သံမဏိချောင်းတွေ ဆိုပြီး အပိုင်းနှစ်ပိုင်းခွဲ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ပြောပါတယ်။

ဒါ့အပြင် စံချိန်စံညွှန်းတွေကို အများပြည်သူသိရှိစေဖို့ ဆောင်ရွက်သွားမှာဖြစ်ပြီး အဓိကအနေနဲ့ ထုတ်လုပ်သူတွေ ကို ဦးစားပေး ချပြပေးသွားမှာ ဖြစ်ပါတယ်။ ထုတ်လုပ်သူတွေ နားလည်မှသာ သံမဏိချောင်းတွေ ထုတ်လုပ်တဲ့ အခါ စံချိန်စံညွှန်းညီတဲ့ပစ္စည်းတွေ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းကထုတ်လုပ်တဲ့ သံမဏိချောင်းတွေနဲ့ ပြည်ပကတင်သွင်းတဲ့သံမဏိချောင်းတွေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီးတာနဲ့ အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



