မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း မိုင်တိုင်အမှတ် ၁၉ နဲ့ မိုင်တိုင် အမှတ် ၂၂ တို့မှာခရီးသည်တင်ယာဉ်မတော်တဆမှု နှစ်မှုဖြစ်ခဲ့ပြီး ယာဉ်နောက်လိုက်တစ်ယောက်သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဩဂုတ် ၁၁ ရက် ညနေ ၅ နာရီ ၁၀ မိနစ်က ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း မိုင်တိုင်အမှတ် ၁၉ မှာ ခရီးသည် တင်ယာဉ်နဲ့ ဝက်တွေတင်ဆောင်လာတဲ့ကားတို့တိုက်မိပြီး ခရီးသည်တင်ယာဉ်ပေါ်က ယာဉ်နောက်လိုက်သေဆုံးသွားတယ်လို့ဆိုပါတယ်။ သေဆုံးသွားတဲ့ ယာဉ်နောက်လိုက်ရဲ့ရုပ်အလောင်းကို သန္တိသုခလူမှုကူညီရေးအသင်းကယာဉ်နဲ့ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီအပြင် ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း မိုင်တိုင်အမှတ် ၂၂ မှာ ဩဂုတ် ၁၁ ရက် ညနေ ၆ နာရီ ၁၅ မိနစ် အချိန်မှာ ခရီးသည်တင်မော်တော်ယာဉ်တစ်စင်း တိမ်းမှောက်ပြီး ခရီးသည် ၈ ယောက်ဒဏ်ရာရသွားကာ ညပ်နေလို့ ဆွဲထုတ်ခဲ့ရတဲ့ ခရီးသည်အမျိုးသမီး တစ်ယောက်ရဲ့ဒဏ်ရာက စိုးရိမ်ရတယ်လို့ဆိုပါတယ်။ ဒဏ်ရာရသူတွေကိုတော့ ဗဟိုမီးသတ်သင်တန်းကျောင်းက လူနာတင်ယာဉ်နဲ့ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။