ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူတွေအတွက် သက်သာတဲ့စျေးနှုန်းတွေ၊ သင့်တင့်မျှတတဲ့ ရည်ညွှန်ဈေးနဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနဲ့ ဧည့်မထဆန် စတဲ့ ဆန်တွေကို ဇွန်လ ၂၄ ရက် မနက်ပိုင်းက ရန်ကုန်မြို့ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်မှာ ရောင်းချပေးနေပါတယ်၊၊
သက်သာတဲ့ဈေးနဲ့ ဆန်ရောင်းချပေးတဲ့အစီအစဉ်မှာတော့ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၁၃၅၀၀၀ ကျပ် ကနေ ၁၄၅၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်ကို ၁၁၀၀၀၀ ကျပ် ကနေ ၁၂၀၀၀၀ ကျပ်၊ ဧည့်မထတစ်အိတ်ကို ၇၂၀၀၀ ကျပ်ကနေ ၇၅၀၀၀ ကျပ်နဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်၊၊
အဲဒီအပြင် ပေါ်ဆန်းဆန် တစ်ပြည်ကို ၅၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်ပြည်ကို ၃၀၀၀ ကျပ်၊ ပေါ်ဆန်းဆန် ၅ ပြည်တစ်အိတ်ကို ၂၅၀၀၀ ကျပ်နဲ့ ရောင်းချပေးနေတာဖြစ်တယ်လို့ သိရပါတယ်၊၊
ဆန်တွေကို စျေးနှုန်းသက်သာစွာရောင်းချပေးနေတဲ့အပေါ် အလုံမြို့နယ်နဲ့ လမ်းမတော်မြို့နယ်တွေကနေ ဆန်လာဝယ်သူ ပြည်သူအချို့ကလည်း အခုလို ပြောပါတယ်၊၊
ဆန်တွေကို စျေးနှုန်းသက်သာစွာ ရောင်းချပေးနေတာဟာ စားသုံးသူပြည်သူတွေအတွက် ရောင်းချပေးတာဖြစ်ပြီး ဝယ်ယူသူ အိမ်ထောင်စုတစ်စုကို တစ်လအတွက် ပေါ်ဆန်းတစ်အိတ်နဲ့ ဧည့်မထတစ်အိတ်ကို အိမ်ထောင်စုစာရင်း မိတ္တူနဲ့ အိမ်ထောင်စုစာရင်းမှာ ပါဝင်သူ တစ်ယောက်ရဲ့ မှတ်ပုံတင်မူရင်းတို့နဲ့တကွ တိုက်စစ် ရောင်းချပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်၊၊
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ညီနောင်အသင်းတွေ၊ ကုန်စည်ဒိုင်တွေနဲ့ ဆန်စပါးကုမ္ပဏီတွေ ပူးပေါင်းပြီး ဇွန်လ ၂၄ ရက်က စတင်ကာ ရုံးဖွင့်ရက်တွေမှာ မနက် ၉ နာရီခွဲကနေ ညနေ ၃ နာရီခွဲအချိန်အထိ ရန်ကုန်မြို့ ဝါးတန်း ဆန်စပါး ကုန်စည်ဒိုင်၊ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်တို့မှာ ရောင်းချပေးနေတယ်လို့ သိရပါတယ်၊၊