ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူ ပြည်သူတွေကို သင့်တင့်မျှတတဲ့ ရည်ညွှန်ဈေးနဲ့ ရွှေဘိုပေါ်ဆန်းတွေ ဧရာဝတီပေါ်ဆန်းတွေ ဧည့်မထဆန်တွေ ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန် လိုက်ပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နဲ့ ညီနောင်အသင်းတွေ ကုန်စည်ဒိုင်တွေ ဆန်စပါးကုမ္ပဏီတွေ ပူးပေါင်းပြီး ဇွန်လ ၂၄ ရက်က စတင်ပြီး ရုံးဖွင့်ရက်တွေမှာ မနက် ၉ နာရီခွဲကနေ ညနေ ၃ နာရီခွဲထိ ရန်ကုန်မြို့ ဝါးတန်းဆန်စပါး ကုန်စည်ဒိုင်၊ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်တို့မှာ ရောင်းချ ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
သက်သာဈေးနဲ့ ဆန်ရောင်းချပေးမယ့်အစီအစဉ်ကတော့ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၁၃၅၀၀၀ ကျပ် ကနေ ၁၄၅၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်ကို ၁၁၀၀၀၀ ကျပ် ကနေ ၁၂၀၀၀၀ ကျပ်၊ ဧည့်မထတစ်အိတ် ကို ၇၂၀၀၀ ကျပ်ကနေ ၇၅၀၀၀ ကျပ် နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
အဲဒီအပြင် ပေါ်ဆန်းဆန် တစ်ပြည်ကို ၅၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်ပြည်ကို ၃၀၀၀ ကျပ် နဲ့ ပေါ်ဆန်းဆန် ၅ ပြည် တစ်အိတ်ကို ၂၅၀၀၀ ကျပ် နဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ် လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
စားသုံးသူပြည်သူတွေအတွက် ရောင်းချပေးတာ ဖြစ်ပြီး ဝယ်ယူသူ အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် ပေါ်ဆန်းဆန်တစ်အိတ် နဲ့ ဧည့်မထဆန်တစ်အိတ်ကို အိမ်ထောင်စုစာရင်းမိတ္တူ နဲ့ အိမ်ထောင်စုစာရင်းမှာ ပါဝင်သူ တစ်ယောက်ရဲ့ မှတ်ပုံတင်မူရင်းတို့နဲ့ လာရောက်ဝယ်ယူနိုင်ရမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
ပြန်လည်ရောင်းချဖို့ ကုန်သည်တွေ လက်လီဆိုင်တွေကိုတော့ ရောင်းချပေးသွားမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။
လတ်တလောမှာတော့ ပြည်တွင်းမှာ ဆန်စပါးဈေးနှုန်း အဆမတန် မြင့်တက်နေတဲ့အတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က တာဝန်ရှိသူတွေကို ခေါ်ယူပြီး လိုအပ်တဲ့ မေးမြန်းဆွေးနွေးမှုတွေ ဆောင်ရွက်နေတယ်လို့ နစက သတင်းထုတ်ပြန် ရေးအဖွဲ့က ဇွန်လ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။