ဆန်နဲ့စားသုံးဆီစျေးနှုန်းတည်ငြိမ်ရေးကိစ္စရပ်တွေကို ပထမဦးစားပေးအဖြစ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်၊၊ ဇွန်လ ၁၉ ရက် မနက် ၉ နာရီခွဲအချိန်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၂)အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ပြည်ထောင်စု ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ (၂/၂၀၂၄) အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဝင်းရှိန် ပြောကြားခဲ့တာဖြစ်ပါတယ်၊၊
အခြေခံစားသောက်ကုန်ပစ္စည်း စျေးနှုန်းမတည်ငြိမ်တာတွေနဲ့ ရုတ်တရက်ကုန်စျေးနှုန်း မြင့်တက်လာတာတွေ ကြောင့် ဝင်ငွေနည်းပါးတဲ့ ပြည်သူတွေနဲ့ ပုံသေလစာရရှိတဲ့ ဝန်ထမ်းတွေကို အဓိက ထိခိုက်ခံစားရတဲ့အတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေ၊ နေပြည်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေက တာဝန်ရှိသူတွေအနေနဲ့ ကုန်စျေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းစဉ်တွေကို အထူးအလေးထားပြီး ကြိုးပမ်းဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်၊၊
ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့လည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၉)ခုက မွေးမြူရေးလုပ်ငန်းတွေအတွက် ငွေကျပ် ၁၂ဘီလီယံ ထုတ်ချေးနိုင်ဖို့ ဆောင်ရွက်နေပြီး အဲဒီဒေသတွေကနေ စိစစ်ရွေးချယ်ထားတဲ့ အသားတိုးနွား၊ နို့စားနွား၊ ဥစား ကြက်နဲ့ သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းတွေကို ချေးငွေထုတ်ချေးပေးဖို့လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်၊၊