အကြောင်းအမျိုးမျိုးပြပြီး ကန့်သတ်မှုမျိုးစုံ ကြုံတွေ့နေရတဲ့ မိမိတို့နိုင်ငံဟာ လက်ရှိပြည်ပပို့ကုန်ကို နှစ်ဆတိုးမြှင့် ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူရမှာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက်ကကျင်းပတဲ့ မြန်မာနိုင်ငံ “စီးပွားရေးပညာ နှစ်(၁၀၀)” ရာပြည့်အထိမ်းအမှတ်အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားလိုက် တာပါ။
နိုင်ငံ့လူဦးရေရဲ့ ၄၁ ရာခိုင်နှုန်းဟာ လယ်ယာ၊ သား၊ ငါး၊ သစ်တောကဏ္ဍတွေမှာ လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ သန်းခေါင်စာရင်း အစီရင်ခံစာမှာတွေ့ရှိရပြီး အဓိကကုန်ထုတ်လုပ်ငန်းဟာ လယ်ယာထုတ်ကုန်နဲ့ မွေးမြူရေး ထုတ်ကုန်တွေသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ ကုန်ထုတ်လုပ်မှုကို လက်ရှိအခြေအနေထက် တိုးတက်အောင် ဆောင်ကြဉ်းပေးဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
ဒါ့အပြင် GDP တိုးတက်လာရေးအတွက် ပြည်ထောင်စုအဆင့်အဖွဲအစည်းတွေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ(၂၇)ရက်မှာပြုလုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ GDP ဟာ အိမ်နီးချင်းနိုင်ငံတွေ နဲ့ ဒေသတွင်းနိုင်ငံတွေထက် နည်းပါးနေတာကို တွေ့ရပါတယ်။
နိုင်ငံ GDP တိုးတက်စေဖို့အတွက် ကုန်ထုတ်လုပ်မှုတိုးတက်ဖို့လိုပြီး ကုန်ထုတ်လုပ်မှုဆိုရာမှာ နိုင်ငံအတွက် အခြေခံကျတဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးမှာ စိုက်ပျိုးရေးထွက်ကုန်နဲ့ စိုက်ပျိုးရေးသီးနှံတွေ ပိုမိုထွက်ရှိ တိုးတက်လာမယ်ဆိုရင် အဲဒါကို အခြေခံတဲ့ စက်မှုကဏ္ဍကြီးကလည်း ပိုမိုတိုးတက်လာမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ရဲ့ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ GDP ဟာ အမေရိကန်ဒေါ်လာ ၆၈ ဘီလီယံကျော်ရှိပြီး တစ်ဦးချင်းဝင်ငွေအနေနဲ့ ပျမ်းမျှတစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၄၄၇ ဒေါ်လာရှိတယ်လို့ သိရပါတယ်။