၂၀၂၄ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမမှာ နိုဝင်ဘာ ၁၈ ရက်ကနေ ၂၇ ရက်အထိ ၁၀ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ပုလဲ၊ ကျောက်မျက်နဲ့ကျောက်စိမ်းအတွဲပေါင်း ၄၂၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီကနေ သိရပါတယ်။
အခုပြပွဲမှာ ပုလဲအတွဲ ၂၈၀ ၊ ကျောက်မျက်အတွဲ ၁၆၀ နဲ့ ကျောက်စိမ်းအတွဲ ၄၈၀၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချခဲ့ရာ ပုလဲ ၂၀၈ တွဲ၊ ကျောက်မျက် ၆၂ တွဲနဲ့ ကျောက်စိမ်းအတွဲ ၃၉၆၆ တွဲ ရောင်းချနိုင်ခဲ့တာလို့ဆိုပါ တယ်။
ပြပွဲမှာတော့ ပြည်တွင်းပြည်ပရတနာကုန်သည်တွေကို အမေရိကန်ဒေါ်လာ၊ ယူရိုငွေ ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ ၊ ကျပ်ငွေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလက်ခံတဲ့ နိုင်ငံခြားငွေအမျိုးအစားတွေနဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အညီ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။
နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကိုတော့ နိုင်ငံခြားဝင်ငွေရရှိဖို့ နိုင်ငံသားတွေအတွက် အကျိုးဖြစ်ထွန်း မှုတွေရရှိစေဖို့၊ စစ်ကိုင်းမြို့နဲ့မန္တလေးမြို့ရှိ ကျောက်စိမ်းအချောထည်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ MSME လုပ်ငန်းတွေအတွက် ကုန်ကြမ်းရရှိစေဖို့ ကျင်းပပြုလုပ်ခဲ့တာလို့ သိရပါတယ်။