မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)နဲ့ Chinese Textile & Garment Association In Myanmar(CTGA)တို့ပူးပေါင်းပြီး မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂၀၂၄ ကို ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်ဝင်းရှိ Yangon Convention Center (YCC) မှာ ဒီဇင်ဘာလ ၆ ရက်ကနေ ဒီဇင်ဘာလ ၈ ရက်နေ့အထိ မနက် ၉း၀၀ နာရီကနေ ၄း၀၀ နာရီအထိ (၃)ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ သိရပါတယ်။
ပြပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကိုတော့ ရန်ကုန်မြို့၊ ဟံသာဝတီလမ်းပေါ်ရှိ UAB Tower(2)မှာ နိုဝင်ဘာ ၂၂ ရက်၊ နေ့လယ် ၂ နာရီအချိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာ့အထည်အလိပ်နှင့်စက်ယန္တရား ကုန်စည်ပြပွဲ ကို ပြီးခဲ့တဲ့နှစ်ကလည်း ကျင်းပခဲ့တာဖြစ်ပြီး အောင်မြင်မှုရခဲ့တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း ထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။
ပြပွဲမှာ Made in Myanmr ထုတ်ကုန်တွေဖြစ်တဲ့ အဝတ်အထည်၊ ပြည်တွင်းထုတ် ဖိနပ်နဲ့ အိတ်တွေကို ပြသသွား မှာဖြစ်ပြီး တရုတ်နိုင်ငံကလည်း အမှတ်တံဆိပ်ပေါင်း ၂၀ ခန့်နဲ့ အထည်အလိပ်နဲ့အဝတ်အထည်၊ ဖိနပ်နဲ့ အိတ် ထုတ်လုပ်သူ ၁၀၀ ကျော်တို့က ထုတ်ကုန်တွေကို လာရောက်ပြသကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အထည်အလိပ်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ အပ်ချုပ်စက်တွေ၊ အထည်ချုပ်လုပ်ငန်းသုံး စက်ပစ္စည်းအမျိုးမျိုး၊ Shoe & Bag အမျိုးမျိုးနဲ့ Home Textile အစရှိတဲ့ ပစ္စည်းအမျိုးမျိုးကို ပြသသွားမှာဖြစ်ကာ အခြားအစီအစဥ်တွေ အနေနဲ့ အထည်ချုပ်လုပ်ငန်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေရရှိနိုင်မယ့် Panel Discussion တွေ၊ Made in Myanmar Product တွေကိုပြသမယ့် Fashion Show တွေ၊ စီးပွားရေးဆိုင်ရာအချက်အလက်တွေကို ဖလှယ် နိုင်မယ့် Business Matching တွေလည်း ပါဝင်မှာဖြစ်ပါတယ်လို့ သိရပါတယ်။