အွန်လိုင်းဒီဂျစ်တယ်ငွေပေးချေမှု ငွေလွှဲပြောင်းမှုတွေအတွက် ဆောင်ရွက်နိုင်မယ့် ပမာဏတွေကို ပြင်ဆင် သတ်မှတ်လိုက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇွန်လ ၁၂ ရက်မှာ ညွှန်ကြားချက် ထုတ်ပြန်လိုက် ပါတယ်။
ဘဏ်နဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ အစိုးရဌာနတွေနဲ့ အများပြည်သူတွေက ဒီဂျစ် တယ် ငွေပေးချေမှုတွေကို အသုံးပြုနိုင်ရေးအတွက် ပမာဏကြီးမားတဲ့ ငွေပေးချေမှုတွေအတွက် CBM-NET System RTGS စနစ်၊ ပမာဏသေးငယ်တဲ့ ပေးချေမှုတွေအတွက် CBM-NET System ACH စနစ် ကို အသုံးပြု ဆောင်ရွက်ဖို့ QR အသုံးပြုပေးချေမှုတွေအတွက် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Digital Payment Switch နဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြင်ဆင်သတ်မှတ်လိုက်တဲ့ ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ ပမာဏသတ်မှတ်ချက်တွေကတော့ လူပုဂ္ဂိုလ် အချင်း ချင်းငွေပေးချေမှုအတွက် လုပ်ငန်းဆောင်ရွက်မှု တစ်ကြိမ်ကို ကျပ် ၁၀ သိန်းနဲ့ တစ်ရက်ကို ကျပ် သိန်း ၅၀၊ လူပုဂ္ဂိုလ်ကနေ ရောင်းချသူကို ငွေပေးချေမှု ဆောင်ရွက်ရာမှာ ရွှေဆိုင်တွေ၊ အီလက်ထရောနစ် အရောင်းဆိုင်တွေ၊ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှု စင်တာတွေ ပါဝင်တဲ့ အုပ်စုအတွက် လုပ်ငန်းဆောင်ရွက်မှု ပမာဏကို တစ်ရက်ကို အများဆုံး ကျပ်သိန်း ၁၀၀ အထိ သတ်မှတ်လိုက်တာဖြစ်ပါတယ်။
မိုဘိုင်းငွေကြေးစာရင်းတွေရဲ့ အမြင့်ဆုံး လက်ကျန် ပမာဏကို ကျပ်သိန်း ၁၀၀ အထိသာ ထားဖို့နဲ့ ကျပ်သိန်း ၁၀၀ ကျော်ရင် ဘဏ်စာရင်းနဲ့ ချိတ်ဆက်ပြီး နေ့စဉ် ဘဏ်စာရင်းကို ပြောင်းရွှေ့ဖို့နဲ့ ကျပ်သိန်း ၁၀၀ အထိ လူပုဂ္ဂိုလ် အချင်းချင်းငွေပေးချေမှုနဲ့ အစိုးရငွေပေး ချေမှုတွေအတွက် Mobile Banking အသုံးပြုဆောင်ရွက်တာကို CBM-NET ACH Function နဲ့ ချိတ်ဆက်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
ကျပ်သိန်း ၁၀၀ နဲ့အထက် ပေးချေမှုတွေအတွက် CBM-NET System B2B Function နဲ့သာ ဆောင်ရွက်ဖို့၊ ဘဏ်နဲ့ ဆက်သွယ်ဆောင်ရွက်သူတွေက CBM-NET ACH Function ကို ၂၄ နာရီ အမြဲတမ်း အသုံးပြုနိုင်ဖို့အတွက် Debit Cap (ACH Allocation)မှာ ငွေလုံလောက်စွာ ရွှေ့ပြောင်းထားရမယ်လို့လည်း ဖော်ပြထားပါတယ်။
စားသုံးသူ Wallet ကို အသုံးပြုပြီး ကုန်သည်လို ရောင်းဝယ်မှုတွေ ဆောင်ရွက်တာ မပြုနိုင်စေဖို့အတွက် စနစ် တကျ စိစစ်ဆောင်ရွက်ဖို့ ပေးချေမှုတွေမှာ အကြောင်းအရာ ဖော်ပြဖို့ လုပ်ငန်းဆောင်ရွက် အကြိမ် အရေအတွက် ကိုကန့်သတ်ဆောင်ရွက်ဖို့နဲ့ ကုန်သည်တွေအတွက် မှတ်ပုံတင်ရာမှာ အချက်အလက် မှန်ကန်မှု ရှိစေရေး သေချာ စိစစ်ဖို့ အမှန်တကယ်ကုန်သည်ဖြစ်ကြောင်း ဘဏ်နဲ့ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေက အာမခံ ပေးဖို့ကိုလည်း ညွှန်ကြားချက်မှာ ပါရှိပါတယ်။
ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်လိုက်တဲ့ သတ်မှတ်ချက်တွေကို ဇွန်လ ၁၂ ရက်ကစပြီး တိကျစွာ လိုက်နာဖို့နဲ့ လိုက်နာဖို့ ပျက်ကွက်ရင် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။