၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေနဲ့ပြုပြင်ပြီးခန့်မှန်းခြေကို နှိုင်းယှဉ်ကြည့်ရင် မူလခန့်မှန်းခြေရငွေပိုင်း မှာငွေကျပ် ဘီလီယံပေါင်း ၃၁,၀၀၀ ကျော်ဖြစ်ပြီး သုံးငွေပိုင်းမှာတော့ ငွေကျပ်ဘီလီယံ ၃၉,၀၀၀ ကျော်ဖြစ်နေရာ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေကလည်း မလိုအပ်တဲ့အသုံးစရိတ်တွေ မသုံးစွဲမိစေရေး စိစစ်ဖို့ လိုတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကပြောပါတယ်။
နိုဝင်ဘာ(၂၀)ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမမှာ ပြုလုပ်တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
ပြုပြင်ပြီး ခန့်မှန်းခြေကိုကြည့်မယ်ဆိုရင်လည်း ရငွေပိုင်းမှာ ငွေကျပ်ဘီလီယံပေါင်း ၃၅,၀၀၀ ကျော်ဖြစ်ပြီး သုံးငွေ ပိုင်းမှာတော့ ငွေကျပ်ဘီလီယံ ၄၁,၀၀၀ ကျော်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အခုတွက်ချက်ပြီးတဲ့ GDP မှာလည်း မူလခန့်မှန်းခြေမှာ လိုငွေရဲ့ GDP အချိုးအရ ၅ ဒသမ ၁၇ ရာခိုင်နှုန်းဖြစ်ပြီး ပြုပြင်ပြီးခန့်မှန်းခြေရဲ့ GDP နဲ့ လိုငွေ အချိုးမှာ ၃ ဒသမ ၉၁ ရာခိုင်နှုန်းဖြစ်နေတာကို တွေ့ရှိရတယ်လို့ ပြောပါတယ်။
ရငွေပိုင်းကို ကြည့်မယ်ဆိုရင် ပြုပြင်ပြီးခန့်မှန်းခြေရဲ့ ရငွေပိုင်းမှာ ငွေကျပ်ဘီလီယံပေါင်း ၄၀၇၀ ဒသမ ၃၆၄ ဘီလီယံ တိုးမြှင့်ရရှိနိုင်ဖို့ လျာထားတာဖြစ်ပြီး ရငွေတိုးမြှင့်အောင် ဆောင်ရွက်နိုင်တဲ့ ဝန်ကြီးဌာနတွေကလည်း နောင်ဘဏ္ဍာရေးနှစ်တွေမှာ အခုထက်ဝင်ငွေပိုမိုရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။
သုံးငွေပိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှစပြီး နောက်ဆုံးဖြည့်စွက်ရန်ပုံငွေ တောင်းတဲ့ နိုဝင်ဘာလအထိ ရှစ်လဖြစ်ကာ လေးလကျန်ရှိသေးတယ်လို့ ပြောပါတယ်။ အဲဒီရှစ်လနဲ့လေးလမှာ အသုံးစရိတ် မူလခန့်မှန်းခြေနဲ့ ပြုပြင်ပြီး လေးလခန့်ကို နှိုင်းယှဉ်ကြည့်ရာ မူလခန့်မှန်းခြေဟာ ရှစ်လအတွင်း သုံးစွဲငွေမှာ ငွေကျပ်ဘီလီယံပေါင်း ၃၉,၀၀၀ ကျော်ဖြစ်ပြီး ကျန်ရှိတဲ့ လေးလကာလအတွင်း သုံးဖို့လျာထား တဲ့သုံးငွေဟာ ငွေကျပ်ဘီလီယံပေါင်း ၄၁,၀၀၀ ကျော်ဖြစ်နေတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။