ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ တိုးတက်စေဖို့အတွက် MSME လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ (၅၀)ရာခိုင်နှုန်းခန့် ဟာ စားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေသာ ဖြစ်တာကို တွေ့ရှိရပြီး စက်မှုထုတ်ကုန်လုပ်ငန်းတွေကိုလည်း အားပေးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
နိုဝင်ဘာ(၁၉)ရက် မနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်း မမှာ ပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
အခုလိုလုပ်ဆောင်ရာမှာ စက်ရုံအကြီးတွေ ဆောင်ရွက်ဖို့ မဆိုလိုဘဲ စက်ယန္တရားအနည်းငယ်နဲ့ ဆောင်ရွက်လို့ လည်းရကြောင်း၊ ပြည်တွင်းလိုအပ်ချက်ရှိတဲ့ အထည်အလိပ်လုပ်ငန်းတွေ၊ အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းတွေ၊ သံနဲ့သံမဏိလုပ်တဲ့လုပ်ငန်းတွေကိုလည်း အားပေးဆောင်ရွက်ဖို့လိုကြောင်းလည်း ပြောပါတယ်။
အဲဒီလိုဆောင်ရွက်ပေးတာကြောင့် ပြည်တွင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို ဒေသအလိုက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးတာ၊ စီးပွားရေးလုပ်ငန်းတွေ တိုးတက်ကောင်းမွန်အောင်ဆောင် ရွက်ပေးတာနဲ့ ဒေသရဲ့လူသားအရင်းအမြစ်တွေကို ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့တွေ လိုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကောင်စီဝင်တွေအနေနဲ့လည်း မိမိတို့တာဝန်ယူထားရတဲ့ဒေသတွေအလိုက် MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်သွားကြဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။