၂၀၂၄ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ပုလဲ၊ ကျောက်မျက်နဲ့ ကျောက်စိမ်း အတွဲပေါင်း ၅၂၀၀ ကျော် အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ပြပွဲဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၈ ရက်က နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမမှာ ကျင်းပရာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
အခုပြပွဲမှာ ပုလဲအတွဲ ၂၈၀၊ ကျောက်မျက်အတွဲ ၁၆၀ နဲ့ ကျောက်စိမ်းအတွဲ ၄၈၀၀ တို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်တွေကို အိတ်ဖွင့် တင်ဒါစနစ်နဲ့ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ၊ ကျပ်ငွေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံတဲ့ နိုင်ငံခြားငွေအမျိုးအစားတွေနဲ့ စဉ်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ပြပွဲမှာ ရောင်းချဖို့ ခင်းကျင်းပြသထားတဲ့ ကျောက်စိမ်း၊ ကျောက်မျက်အတွဲတွေနဲ့ ပုလဲအတွဲတွေကို နစက ဥက္ကဋ္ဌက လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူတွေရဲ့ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်တာတွေ လမ်းညွှန် မှာကြားပါတယ်။ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရရှိဖို့၊ နိုင်ငံသားတွေအတွက် စီးပွားရေး အကျိုးဖြစ်ထွန်း စေဖို့အတွက် တူးဖော်ထုတ်လုပ်ထားတဲ့ ကျောက်မျက်ရတနာတွေကို ရောင်းချနိုင်မယ့် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွေကို ၁၉၆၄ ခုနှစ်က စတင်ကျင်းပခဲ့တာလို့ သိရပါတယ်။ အခုနှစ်ပြပွဲကိုတော့ နိုဝင်ဘာ ၁၈ ရက် ကနေ ၂၇ ရက်အထိ ၁၀ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ပုလဲအတွဲ၊ နိုဝင်ဘာ ၂၁ ရက်မှာ ကျောက်မျက်အတွဲနဲ့ နိုဝင်ဘာ ၂၂ ရက်မှာ ကျောက်စိမ်းအတွဲတွေ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။