လျှပ်စစ်သုံးမော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၈)ခုကို ခွင့်ပြုပေးခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင်ရဲ့ (၈/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကနေသိရပါတယ်။
အဲဒီအစည်းအဝေးကိုတော့ စက်တင်ဘာလ(၃၀)ရက် မနက်ပိုင်းက နေပြည်တော်မှာကျင်းပပြုလုပ်ခဲ့တာပါ။ အစည်းအဝေးမှာဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ မတည်ငွေရင်းတိုးမြှင့်တာအပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွေက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၈)ခု ခွင့်ပြုပေးခဲ့တယ်လို့သိရပါတယ်။
ခွင့်ပြုပေးခဲ့တဲ့လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၉ သန်းကျော်နဲ့ ငွေကျပ်သန်းပေါင်း ၄၆၀၀၀ ကျော်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၉၇၂ ယောက်အတွက် ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်တဲ့နိုင်ငံ၊ ဒေသတွေကတော့ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဖြစ်တယ်လို့သိရပါတယ်။