ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ ဆန်လက်လီလက်ကားအရောင်းဆိုင်တွေအနေနဲ့ ဆန်တွေကို ပြည်သူအားလုံးဝယ်ယူနိုင်စေဖို့ အရေအတွက် အကန့်အသတ်ပဲ ရောင်းချပေးနေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ မြဝတီမြို့နယ်စားသုံးသူရေးရာဦးစီးဌာနကနေ သိရပါတယ်။
လက်ရှိမှာ မိုးရွာသွန်းမှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေးအရ ဆန်တွေသယ်ယူရာမှာ ရောက်ရှိတဲ့အချိန်အခက်အခဲကြောင့် ဆိုင်တွေအနေနဲ့ အခုလို အကန့်အသတ်နဲ့ပဲ ရောင်းချပေးနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဆန်လက်လီလက်ကားအရောင်းဆိုင်တွေမှာတော့ ဆန်ပြတ်လပ်မှုမရှိဘူးလို့လည်း မြဝတီမြို့နယ်စားသုံးသူရေးရာဦးစီးဌာနကနေ သိရပါတယ်။
လက်ရှိမှာတော့ မြဝတီမြို့ကိုသွားရောက်မယ်ဆိုရင် လမ်းဟောင်းဖြစ်တဲ့ ဒေါနတောင်ကြားလမ်းကနေပဲ သွားရောက်ရတာဖြစ်ပြီး မိုးရာသီမှာ လမ်းမြေပြိုမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။