တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနန်နင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံကပြခန်းပေါင်း ၈၄ ခန်း ပါဝင်ခင်းကျင်းပြသထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေသိရပါတယ်။
စက်တင်ဘာ ၂၄ ရက်ကနေ ၂၈ ရက်အထိ ကျင်းပပြုလုပ်မယ့် အဲဒီကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံအနေနဲ့ ဆန်စပါး၊ အာရေဗီးကာကော်ဖီ၊ ရေထွက်ကုန်၊ သစ်သီးဝလံ၊ လက်ဖက်၊ ဟင်းခတ်အမွှေးအကြိုင်၊ သစ်သားထည်၊ လက်မှုအနုပညာနဲ့ကျောက်မျက်စတဲ့ ပြခန်းတွေပါဝင်ပြသနေတာပါ။
ကုန်စည်ပြပွဲကို ကျင်းပတာဟာ ချစ်ကြည်ရင်နှီးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကုန်သွယ်မှုအကျိုးကျေးဇူးရရှိစေဖို့ တရုတ်-အာဆီယံ လွတ်လပ်တဲ့ကုန်သွယ်မှုဒေသ-၃ ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ဖို့နဲ့ တရုတ်-အာဆီယံဒေသတွင်း အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။
(၂၁)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ အာဆီယံ(၁၀)နိုင်ငံနဲ့ တရုတ်နိုင်ငံတွေက ပြခန်းပေါင်း ၃၀၀၀ ကျော် ပါဝင်ပြသထားတာဖြစ်တယ်လို့သိရပါတယ်။