မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာ ၁၃ သန်းနီးပါးနဲ့ ယွမ် ၇ သိန်းကို စက်တင်ဘာ ၂၅ ရက်ကထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ တစ်ဒေါ်လာ ၃၅၂၄ ကျပ်နဲ့ ဒေါ်လာ ၁၃ သန်းနီးပါး၊ တစ်ယွမ် ၄၉၈ ကျပ်နဲ့ ယွမ် ၇ သိန်းကို ထုတ်ရောင်းပေးခဲ့တာပါ။
ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို ဒေါ်လာ သန်း ၃၀ ရောင်းချပေးမယ်လို့ စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာပြီးနောက် စက်တင်ဘာ ၂၂ ရက်မှာ ဒေါ်လာ ၂၂ သန်းခွဲကျော်ထုတ်ရောင်းပေးထားပါတယ်။
အခုလို ဗဟိုဘဏ်က ဒေါ်လာတွေထုတ်ရောင်းပေးတဲ့အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ အဆင်ပြေနိုင်ပြီး ပြင်ပဈေးကွက်မှာ ငွေလဲနှုန်းကျဆင်းလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့ကပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကတော့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ရောင်းပေးခဲ့ပါသေးတယ်။