၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ နိုဝင်ဘာလအထိ ၈ လတာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၃၅ သန်းကျော် ဝင်ရောက်ထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၈ လတာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၁ ခု ဝင်ရောက်လာတာဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၅ ခုအထိ အများဆုံး ဝင်ရောက်လာတာပါ။ အခြားကဏ္ဍတွေအနေနဲ့ကတော့ စိုက်ပျိုးရေးကဏ္ဍမှာ ၁ ခု၊ စွမ်းအင်ကဏ္ဍမှာ ၂ ခု၊ ပို့ဆောင်ဆက်သွယ် ရေးကဏ္ဍမှာ ၁ ခုနဲ့ ဝန်ဆောင်မှုကဏ္ဍမှာ ၂ ခု ဖြစ်ပါတယ်။

ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ ဝင်ရောက်ထားတဲ့ လုပ်ငန်း ၃၅ ခုရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၉၂ သန်းကျော်ရှိပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍ မှာ အမေရိကန်ဒေါ်လာ ၈၇ သန်းကျော်၊ စိုက်ပျိုးရေးကဏ္ဍမှာ အမေရိကန် ဒေါ်လာ ၅ သိန်းကျော်၊ စွမ်းအင်ကဏ္ဍ မှာ အမေရိကန်ဒေါ်လာ ၈ သန်းကျော်နဲ့ ဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော် ရှိပါတယ်။

အခုဘဏ္ဍာနှစ်အတွင်း စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏက အများဆုံးဖြစ်ပြီး လုပ်ငန်း ၃ ခုကနေ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၈၉ သန်းကျော်အထိ ရှိပါတယ်။ စင်ကာပူပြီးရင် တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ဒုတိယ အများဆုံးဖြစ်ပါတယ်။