အခုလ ၈ ရက်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က FX Market Online Trading Platform ကနေ အမေရိကန် ဒေါ်လာ ၅၂ ဒသမ ၄ သန်းကျော် ရောင်းချထားပါတယ်။ အဲဒီနိုင်ငံခြားငွေကြေးတွေကို ဗဟိုဘဏ် ၊ AD လိုင်စင်ရ ဘဏ်တွေနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေး ခဲ့တာပါ။

ဗဟိုဘဏ်ကနေ ဇန်နဝါရီလ ၂ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ၆ ရက်နေ့မှာ ၂၅ သန်း၊ ၇ ရက်နေ့မှာ ၂ သန်းကျော်နဲ့ ၈ ရက်နေ့မှာ ၂ သိန်းခွဲကျော် ရောင်းချပေးခဲ့တာဖြစ်ပါတယ်။အခုလ ၈ ရက်အတွင်းမှာ အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ် ၁ ဒသမ ၁ သန်းကျော်နဲ့ ထိုင်းဘတ် ၅ ဒသမ ၃ သန်းကျော်ကိုလည်း ရောင်းချပေးထားပါတယ်။

ဗဟိုဘဏ်အနေနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံခြားငွေနဲ့ပတ်သက်တဲ့ မူဝါဒတွေ ပြောင်းလဲပြီးနောက်ပိုင်း အခုလို နိုင်ငံခြားငွေတွေ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ လက်ရှိ FX Market Online Trading Platform မှာ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်နေတဲ့ ဈေးနှုန်းကတော့ အမေရိကန် တစ်ဒေါ်လာကို ၃၅၉၁ ကျပ်၊ ထိုင်းဘတ် တစ်ဘတ်ကို ၁၃၀ ကျပ်နဲ့ တရုတ်ယွမ် တစ်ယွမ်ကို ၅၃၈ ကျပ် ဖြစ်ပါတယ်။