အခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ဇူလိုင်လ ၁၂ ရက်အထိ ၃ လကျော်ကာလအတွင်းမှာ ပို့ကုန်တင်ပို့မှုဟာ သွင်းကုန်တင်သွင်းမှုထက် ပိုများခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်၊၊
အဲဒီ ၃ လကျော် ကာလအတွင်းမှာ ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံကျော်ဖိုး ရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုပမာဏက အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံကျော် ရှိတဲ့အတွက် ကုန်သွယ်မှုပိုငွေက အမေရိကန်ဒေါ်လာ သန်း ၃၆၀ ကျော်ထိ ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူနဲ့နှိုင်းယှဉ်ရင်တော့ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် လျော့နည်းသွားတယ်လို့လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်၊၊
အခုဘဏ္ဍာနှစ်အတွင်းမှာတော့ ပို့ကုန်တွေဖြစ်တဲ့ လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနဲ့ ရေထွက်ကုန် ပစ္စည်း တင်ပို့မှုတွေက မြင့်တက်နေပြီး စက်မှုကုန်ချောပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနဲ့ အခြားပစ္စည်းတွေကတော့ တင်ပို့မှု လျော့ကျတယ်လို့လည်း သိရပါတယ်၊၊