၂၀၂၅ ခုနှစ်အတွက် ပြည်ပကနေ မော်တော်ယာဉ်တင်သွင်းခြင်းအတွက် ထုတ်လုပ်တဲ့ ခုနှစ်သတ်မှတ် ချက်ကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ပါတယ်။
မော်တော်ယာဉ်တင်သွင်းမှုနဲ့ ပတ်သက်ပြီး လက်ရှိချမှတ်ဆောင်ရွက်နေတဲ့ မူဝါဒတွေ ပြောင်းလဲခြင်း မပြု ဘဲ ဆက်လက်ကျင့်သုံးနေတယ်လို့လည်း ဆိုပါတယ်။
အမိန့်ကြော်ငြာစာအရ လူစီးမော်တော်ယာဉ်တွေ ထုတ်လုပ်တဲ့ခုနှစ်မှာ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်ထိ၊ လုပ်ငန်းသုံးယာဉ်တွေ ဖြစ်တဲ့ ကုန်တင်ယာဉ် နဲ့ ခရီးသည်တင်ယာဉ်တွေ ထုတ်လုပ်တဲ့ခုနှစ်ကတော့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်ထိ မော်ဒယ်တွေကို တင်သွင်းခွင့်ပြုမယ်လို့ သိရပါတယ်။
မီးသတ်ယာဉ်၊ လူနာတင်ယာဉ် နဲ့ ယန္တရားတွေကတော့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်ထိ ထုတ်လုပ်တဲ့ မော်ဒယ်တွေကို တင်သွင်းခွင့် ပြုမှာ ဖြစ်တယ်လို့လည်း အမိန့်ကြော်ငြာစာအရ သိရပါတယ်။
လူစီးမော်တော်ယာဉ်၊ လုပ်ငန်းသုံးယာဉ်တွေ ၊ မီးသတ်ယာဉ် နဲ့ လူနာတင်ယာဉ်တွေ တင်သွင်းရာမှာ ဘယ်မောင်းယာဉ်တွေသာ တင်သွင်းခွင့်ပြုမယ်လို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြချက်အရ သိရပါတယ်။
အများပြည် သူလမ်းပေါ်တွေမှာ မောင်းနှင်အသုံးပြုတာမရှိတဲ့ လုပ်ငန်းသုံး ယန္တရားတွေကိုတော့ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ထုတ်လုပ်တဲ့ယာဉ်တွေကို တင်သွင်းခွင့်ပြုမှာဖြစ်တယ်လို့လည်း အမိန့်ကြော်ငြာစာမှာ ပါရှိ ပါတယ်။
အခုထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာဟာ လုပ်ထုံးလုပ်နည်းအရ နှစ်စဉ်တင်သွင်းခွင့်ပြုတဲ့ မော်တော်ယာဉ် ထုတ်လုပ်တဲ့ခုနှစ် သတ်မှတ်ချက်ကို ပုံမှန်ထုတ်ပြန်ပေး နေတာဖြစ်တယ်လို့လည်း သိရပါတယ်။