မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် ပဲတီစိမ်းသီးနှံတွေကြိတ်ခွဲဖို့ အခက်အခဲဖြစ်နေပြီး ဈေးကွက်အတွင်း ဈေးမရဖြစ်နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

နေ့စဉ် မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဆွတ်ခူးဖို့ကျန်ရှိနေတဲ့ ပဲတီစိမ်းခင်းတွေ ဆွတ်ခူးဖို့ အခက်အခဲဖြစ်နေပြီး ဆွတ်ခူးပြီးသားတွေလည်း နေရောင်ခြည်မရလို့ ကြိတ်ခွဲဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
တောင်သူတွေအနေနဲ့ ပဲတီစိမ်းအတောင့်တွေ ကြိတ်ခွဲဖို့ နေအိမ်အတွင်း သိုလှောင်ထားရလို့ မိုးအစိုဓာတ်ကြောင့် အရည်အသွေးကျဆင်းကာ စျေးမရဖြစ်နေကြတယ်လို့ ဆိုပါတယ်။
အောင်လံကုန်စည် စျေးကွက်မှာတော့ ပဲတီစိမ်း ၂၀ ပိဿာ(အခြောက်)တစ်အိတ်ကို ကျပ် ၆၂၀၀၀ စျေးရှိပေမယ့် အစိုဓာတ်နဲ့အရည်အသွေးကျဆင်းနေတဲ့အတွက် ကျပ် ၅၀၀၀၀ စျေးသာ ရရှိနေတယ်လို့ တောင်သူတွေဆီကသိရပါတယ်။