အိမ်ခြံမြေဝန်ဆောင်မှုဥပဒေတစ်ခုအတည်ပြုပြဋ္ဌာန်းနိုင်ဖို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်နေတဲ့ မျိုးဆက်သစ် လူငယ်လေးတွေက ဆက်ပြီးကြိုးပမ်းသင့်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးသန်းဦးကပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ(၂၈)ရက်က ဆီးဒိုးနားဟိုတယ်မှာကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ရဲ့ နှစ်ပတ်လည်အထွေထွေအစည်းအဝေးနဲ့ အသင်းသားစုံညီအစည်းအဝေးအတွင်း အဖွင့်မိန့်ခွန်းစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေအတည်ပြုရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစပြီး ကြိုးပမ်းလာတာဖြစ်ပြီး မူကြမ်းကို လွှတ်တော်မှာတင်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုဥပဒေမူကြမ်းအနေနဲ့ သတင်းစာတွေမှာ အများပြည်သူကိုချပြခဲ့တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)အနေနဲ့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်(၁၅)ခု၊ ခရိုင် (၈)ခုနဲ့မြို့နယ်ပေါင်း(၃၉)မြို့နယ်မှာ အသင်းခွဲတွေအဆင့်ဆင့်ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။