အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန် ဒေါ် လာ ၁ ဒသမ ၆ ဘီလီယံကျော်လွန်မှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

အခုဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ကိုးလတာကာလအတွင်း နှစ်နိုင်ငံကုန်သွယ်မှု တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ဘဏ္ဍာနှစ်အလိုက် နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးအနေနဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၃ ဘီလီယံ ကုန်သွယ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံကို ပဲမျိုးစုံ၊ ရော်ဘာ၊ ငါး၊ ချုပ်ပြီးအထည်ချုပ်တွေကို အများဆုံး တင်ပို့ပြီး အိန္ဒိယနိုင်ငံကနေ ဆေးဝါး၊ ရေနံထွက်ကုန်ပစ္စည်းတွေ၊ လျှပ်စစ်နဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို အဓိက တင်သွင်းနေတာပါ။မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်တဲ့ နိုင်ငံ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၈၃ သန်းလောက် ရှိတယ်လို့ သိရပါတယ်။