အများပြည်သူတွေရဲ့ အသေးသုံးနိုင်ငံခြားငွေတွေကို ငါးလအတွင်း အမေရိကန်ဒေါ်လာ ၇ သိန်းခွဲကျော် ရောင်းချပေးခဲ့ပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်မယ့်သူ၊ ဆေးကုသဖို့သွားရောက်မယ့်သူ၊ ပညာသင်သွားရောက်မယ့်သူ၊ ပြည်ပကိုဘုရားဖူးထွက်ခွာသူတွေ၊ ပြည်ပနိုင်ငံအစိုးရနဲ့ အသင်းအဖွဲ့တွေရဲ့ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ဖို့ ထွက်ခွာမယ့်သူတွေကို တစ်ယောက်ကို အသေးသုံးနိုင်ငံခြားငွေသား အမေရိကန်ဒေါ်လာ ၃၀၀ ကနေ ၅၀၀ လောက်အထိ ရောင်းချပေးနေတာဖြစ်တယ်လို့ဆိုပါတယ်။

အထူးအစီအစဉ်တစ်ရပ်အနေနဲ့ ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်ကစတင်ပြီး ပြည်တွင်းပုဂ္ဂလိကဘဏ် ၃ ဘဏ်ဖြစ်တဲ့ ကမ္ဘောဇဘဏ်၊ AYA ဘဏ်၊ UAB ဘဏ်တွေက သတ်မှတ်ထားတဲ့ ဘဏ်ခွဲနေရာတွေ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ငွေလဲကောင်တာတွေ၊ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရကုမ္ပဏီ ၂ ခုတို့က အသေးသုံးငွေတွေအတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ရောင်းချပေးခဲ့ရာ ဇူလိုင် ၃၀ ရက်အထိ အမေရိကန်ဒေါ်လာ ၇ သိန်းခွဲကျော်ရောင်းချပေးခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ပြည်ပကို သွားရောက်မယ့်သူတွေအနေနဲ့ Passport မူရင်း၊ Flight Ticket ၊ ဟိုတယ်ဘွတ်ကင်အတည်ပြုချက်၊ သွားရောက်မယ့်နိုင်ငံရဲ့ ခွင့်ပြုဗီဇာနဲ့ ပြည်ပကိုအလုပ်သွားရောက်လုပ်ကိုင်မယ့်သူတွေဆိုရင် အလုပ်ဗီဇာ၊ အလုပ်ပတ်စ်ပို့၊ OWIC ကတ် နဲ့ အလုပ်ခန့်စာ စတဲ့ အချက်အလက်တွေလိုအပ်မှာဖြစ်တယ်လို့လည်း အသေးသုံး နိုင်ငံခြားငွေ ရောင်းချပေးတဲ့ ဘဏ်တွေကို စုံစမ်းမေးမြန်းချက်အရ သိရပါတယ်။