ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ပြတ်လပ်တာနဲ့ ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် တစ်နိုင် တစ်ပိုင်ထုတ်လုပ်တဲ့ အသေးစားဖိနပ်လုပ်ငန်း ၁၀ ရာခိုင်နှုန်းလောက် ရပ်နားသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ Cluster ဖိနပ်လုပ်ငန်းရှင်များ မျိုးတူစုအဖွဲ့ချုပ်က သိရပါတယ်။

လက်ရှိမှာ လျှပ်စစ်မီး အချိန်အကန့်အသတ်နဲ့သာရရှိတဲ့ အခြေအနေနဲ့ ကျွမ်းကျင်လုပ်သားရှားပါးမှုကြောင့် ဖိနပ် အောက်ခံပြား ကုန်ကြမ်းပစ္စည်းတွေဖြစ်တဲ့ ဆိုးပြားကွန်ပေါင်းထုတ်လုပ်တဲ့စက်ရုံတစ်ချို့က ထုတ်လုပ်မှုတွေ လျော့ကျလာပြီး ဈေးကွက်ထဲမှာပစ္စည်းတွေ ပြတ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ Cluster ဖိနပ်လုပ်ငန်း ရှင်များ မျိုးတူစုအဖွဲ့ချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူးဦးဝင်းမင်းကျော်က ပြောပါတယ်။ဈေးကွက်အတွင်း ကုန်ကြမ်းပစ္စည်းတချို့ ပစ္စည်းပြတ်ပြီး ဈေးနှုန်းတွေတက်လာတဲ့တာကြောင့် အသေးစား ဖိနပ်ရုံ တချို့ ရပ်နားသွားပြီး တခြားဝင်ငွေရမယ့်အလုပ်တွေကို ပြောင်းလဲလုပ် ကိုင်လာကြတယ်လို့ ဦးဝင်းမင်းကျော်က ပြောပါတယ်။

အခုနှစ်ထဲမှာ ပြည်တွင်းဖြစ်ဖိနပ်အမှာစာရရှိမှုက အရင်နှစ်တွေထက် ပိုမိုအားကောင်းလာပေမယ့် အကျပ်အတည်း မျိုးစုံကြောင့် အော်ဒါအချိန်မီ ပြီးစီးဖို့ လုပ်ဆောင်ရာမှာတော့ အခက်အခဲတွေ ရှိနေတယ်လို့ MSME ဖိနပ်လုပ်ငန်း ရှင်တွေက ပြောပါတယ်။ဖိနပ် ၃ ရံစာထွက်တဲ့ ကွန်ပေါင်းတစ်ချပ်ကို အနည်းဆုံးကျပ် ၇၀၀ ကနေ ၈၀၀ ကြားနဲ့ ဖိုင်ဘာတစ်ချပ်ကို ကျပ် ၃၀၀၀ ကနေ ၅၀၀၀ အကြားအထိ ဈေးတက်သလို တခြားသောကုန်ကြမ်းဈေးနှုန်းတွေလည်း အနည်းငယ်စီဈေး တက်တာကြောင့် ဖိနပ်တစ်ရံအတွက် ထုတ်လုပ်မှုစရိတ်က ကျပ် ၃၀၀ ကနေ ကျပ် ၅၀၀ ဝန်းကျင်အထိ ဈေးတက် လာတယ်လို့ ပြောပါတယ်။

ပြည်တွင်းဖိနပ်လုပ်ငန်းရှင်တွေအနေနဲ့ ဖိနပ်ထုတ်လုပ်တဲ့အခါမှာ အလုပ်ရုံနေရာအခက်အခဲ၊ သိုလှောင်ရုံ အခက် အခဲနဲ့ ဖြန့်ဖြူးရေး အခက်အခဲတွေ ရှိနေတဲ့အတွက် တစ်နေရာတည်းမှာ စုစည်းထုတ်လုပ်နိုင်ဖို့အတွက် သီးခြား စက်မှုဇုန် တည်ထောင်ပေးဖို့ တောင်းဆိုထားကြပါတယ်။ရန်ကုန်မှာ ဖိနပ်လုပ်ငန်းရှင် ၃ သောင်းနီးပါးရှိပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ Cluster ဖိနပ်လုပ်ငန်းရှင်များ မျိုးတူစု အဖွဲ့ချုပ်မှာ အသင်းဝင်ထားတဲ့ ဖိနပ်လုပ်ငန်းရှင် ၁၃၂ ဦး ရှိတယ်လို့ သိရပါတယ်။