ပြည်ပကနေ လက်ခစားကုန်အပ်စနစ်နဲ့ အထည်အမှာရရှိမှု ဆက်တိုက်ကောင်းနေပေမယ့် လုပ်သားရှားတာ ကြောင့် အထည်အမှာတွေကို လျော့ယူနေကြရတယ်လို့ အထည်ချုပ်လုပ်ငန်းအသိုင်းအဝိုင်းကနေ သိရပါတယ်။လက်ရှိမှာ ဥရောပသမဂ္ဂနိုင်ငံတွေဆီက အထည်အမှာ အများဆုံးရရှိပြီး ဂျပန်၊ ကိုရီးယားနဲ့ တရုတ် စတဲ့ နိုင်ငံတွေက ဘရန်းသစ်တွေပါ ထပ်မံရရှိနေတာ ဖြစ်ပါတယ်။

ပြည်တွင်းက အထည်ချုပ်လုပ်သားအများစုက ပြည်ပနိုင်ငံတွေဆီ ပြောင်းရွှေ့လုပ်ကိုင်သွားကြတာကြောင့် လုပ်ငန်းခွင်တွေမှာ လုပ်သားရှားပါးတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီး အထည်အမှာတွေကို အချိန်မီ ပြန် မအပ်နိုင်ကြတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာခင်မောင်အေး ပြောပါတယ်။အထည်အမှာတွေကို သတ်မှတ်ချိန်အတွင်း အပြီးချုပ်မပေးနိုင်ရင် မှာယူတဲ့နိုင်ငံက အထည်တွေ မယူတော့တာ ဒါမှဟုတ် အဲဒီအထည်တွေအပေါ် ဈေးလျော့ပေးရတာ ဒါမှမဟုတ် သက်ဆိုင်ရာနိုင်ငံကို လေယာဉ်နဲ့ အရောက် ပို့ပေးရတာမျိုးတွေကို အထည်ချုပ်ဖို့ လက်ခံသူဘက်က ပြန်လည်ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အထည်အမှာသစ်တွေကို အချိန်မီ ပြန်အပ်နိုင်ဖို့အတွက် ချိန်ဆပြီး လျော့ယူနေကြရတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြည်ပကနေ အမှာအများဆုံး ချုပ်ထည်တွေကတော့ တီရှပ်နဲ့ ဂျာကင် အမျိုးအစားတွေ ဖြစ်ပါတယ်။ လက်ခစားကုန်အပ်စနစ်ဆိုတာ ပြည်ပကနေတင်သွင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေကို ပြည်တွင်းမှာ ဖြတ်တောက်တာ ၊ ချုပ်လုပ်တာ၊ ပြန်လည်ပြင်ဆင်တာ၊ ပြန်လည်ပြင်ဆင်တဲ့နည်းလမ်းတစ်မျိုးမျိုးနဲ့ ကုန်ကြမ်းပစ္စည်းတွေကို ကုန်ချောအဖြစ် ထုတ်ပိုးကာ ပြည်ပကို ပြန်လည်တင်ပို့ရတာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်တွေအတွက် လက်ခရယူ ဆောင်ရွက်တဲ့စနစ် ဖြစ်ပါတယ်။