အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ပြည်ပနိုင်ငံအချို့က မှာယူတင်သွင်းနေရတဲ့ ကုန်ကြမ်းတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပြတ်လပ်တာတွေ ဖြစ်ပေါ်နေတဲ့အတွက် လုပ်ငန်းလုပ်ကိုင်ရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူအချို့က ပြောပါတယ်။

ပြည်ပကနေ ကုန်ကြမ်းတင်သွင်းရာမှာ ပိတ်အမျိုးအစားအလိုက် အခွန်တိုးမြှင့်ကောက်ခံတာအပါအဝင် တင်သွင်း မှုအပိုင်းမှာ အခက်အခဲတွေ ရှိနေတဲ့အတွက် အခုနောက်ပိုင်းမှာ ပြည်တွင်းအထည်ချုပ်စက်ရုံတွေအနေနဲ့ ကုန်ကြမ်းပြတ်လပ်တာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

လတ်တလောကြုံတွေ့နေရတဲ့ ကုန်ကြမ်းကိစ္စ၊ လျှပ်စစ်မီးအခက်အခဲ၊ ကျွမ်းကျင်လုပ်သားနည်းပါးလာတာ အစ ရှိတဲ့ကိစ္စတွေကို အချိန်မီ မဖြေရှင်းနိုင်ရင် အထည်ချုပ်ငန်းတွေမှာ ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ မြန်မာနိုင်ငံ ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ယဉ်ယဉ်မိုးက အခုလို ပြောပါတယ်။

လတ်တလောမှာ အထည်ချုပ်လုပ်ငန်းတွေအနေနဲ့ လိုအပ်တဲ့ကုန်ကြမ်းတွေကို တရုတ်နဲ့အိန္ဒိယနိုင်ငံတွေက အများဆုံး တင်သွင်းလုပ်ကိုင်နေရပြီး လက်ရှိမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကနေ ကုန်ကြမ်းရရှိမှု မှာ အခက်အခဲတွေနဲ့ကြုံတွေ့နေကြရတာဖြစ်တယ်လို့ သိရပါတယ်။