ပြည်တွင်းမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေနဲ့ အထည်စက်ရုံတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားအများစုဟာ ပြည်ပစက်ရုံတွေကို ပြောင်းရွှေ့လုပ်ကိုင်တာတွေ ရှိနေတာကြောင့် စက်ရုံတွေမှာ လုပ်သားဆုံးရှုံးတဲ့ ပြဿနာတွေ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က ပြောပါတယ်။
နိုဝင်ဘာလ ၂၂ ရက်၊ နေ့လယ် ၂ နာရီအချိန်က ရန်ကုန်မြို့၊ ဟံသာဝတီလမ်းပေါ်ရှိ UAB Tower(2)မှာပြုလုပ်တဲ့ မြန်မာ့အထည်အလိပ်နှင့်စက်ယန္တရားကုန်စည်ပြပွဲ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။ စက်ရုံ တွေမှာ အလုပ်သမားဆုံးရှုံးလာမှုတွေကြောင့် နောက်ဆက်တွဲအနေနဲ့ တိုင်းပြည်ရဲ့ဝင်ငွေလည်း လျော့သွားမှာ ဖြစ်သလို ထုတ်လုပ်မှု GDP လည်းဆုံးရှုံးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေ ထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေနဲ့ အထည်ချုပ်လုပ်မှု အခမဲ့သင်တန်းတွေ ဖွင့်လှစ်ပေးထားပြီး လုပ်ငန်းရှင်တွေကလည်း အလုပ်သမားတစ်ယောက်ကို ကျွမ်းကျင်အောင် သင်ပေးပြီးမှ အလုပ်ပေးတာ ပိုကောင်းတယ်လို့ ဒေါ်ခိုင်ခိုင်နွယ်က ပြောခဲ့ပါတယ်။