ပြည်တွင်းအထည်ချုပ်စက်ရုံတွေမှာ ကျွမ်းကျင်လုပ်သားရှားပါးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် လုပ်သားအနည်းငယ်သာ အသုံးပြုရပြီး ထုတ်ကုန်များများ ထုတ်ပေးနိုင်တဲ့ နောက်ဆုံးပေါ် Fully Automatic စက်ပစ္စည်းတွေကို ပိုပြီး အသုံးပြုလာကြတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြည်ပနိုင်ငံတွေမှာ စီးပွားချဲ့ထွင်မှုတွေရှိတာကြောင့် လုပ်သားခေါ်ယူမှု များပြားနေပြီး ပြည်တွင်းက လုပ်သားတွေဟာလည်း လစာပိုရတဲ့ ပြည်ပနိုင်ငံတွေနဲ့ လုပ်ငန်းခွင်တွေဆီ ပြောင်းရွှေ့သွားရောက် လုပ်ကိုင် နေကြတဲ့အတွက် အခုလို ကျွမ်းကျင်လုပ်သားရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းတွေမှာ အသုံးပြုတဲ့ စက်ပစ္စည်းရဲ့ ထုတ်လုပ်တဲ့နိုင်ငံနဲ့ စက်ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိကာ စက်ပစ္စည်းတစ်ခုကို အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်သောင်း အထက်မှာ ရှိတယ်လို့ ဆိုပါတယ်။လုပ်သားရှားပါးမှုကို ဖြေရှင်းနိုင်ဖို့အတွက် စက်ရုံတွေကနေ အထည်ချုပ်လုပ်သားတွေကို ကျွမ်းကျင်သင်တန်း ပေးနေတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်းမှာ ပြည်ပနိုင်ငံတွေဆီကနေ အထည်အမှာစာတွေ ရရှိမှု ပိုလာနိုင်ဖွယ် ရှိတာကြောင့် စက်ပစ္စည်းအသုံးပြုမှုကလည်း အခုထက် ပိုလာနိုင်တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အများစုက သုံးသပ်ထားကြပါတယ်။