ပြည်တွင်း အထည်ချုပ်ကဏ္ဍမှာ တရုတ်နိုင်ငံက ဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံဟာ ၆၀ ရာခိုင်နှုန်း ကျော်ရှိ တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။တရုတ်နိုင်ငံပြီးရင် ကိုရီးယား နဲ့ ဂျပန်နိုင်ငံတို့က ဒုတိယအများဆုံးဖြစ်ပြီး ဥရောပ ၊ အနောက်နိုင်ငံတွေနဲ့ အာဆီယံ ဒေသတွင်းနိုင်ငံတွေကလည်း ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုရှိတယ်လို့ ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

အခုနှစ်ပိုင်းမှာ တရုတ်နိုင်ငံက နာမည်ကြီး ဘရန်းသစ်တစ်ချို့ဆီကနေ လက်ခစားအပ်ကုန်စနစ်နဲ့ ချုပ်လုပ်ဖို့ အတွက် အမှာစာအသစ်တွေ ထပ်မံရရှိနေတယ်လို့ သိရပါတယ်။လက်ရှိမှာ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက လက်ခစားကုန်အပ်စနစ်နဲ့ ပြည်ပကတင်သွင်းတဲ့ ကုန်ကြမ်း ပစ္စည်းတွေနဲ့ ထုပ်ပိုးပစ္စည်းတွေအပေါ် အကောက်ခွန်အားလုံးကင်းလွတ်ခွင့်ပြုထားပါတယ်။

လက်ခစားကုန်အပ်စနစ်ဆိုတာ ပြည်ပကနေတင်သွင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေကို ပြည်တွင်းမှာ ဖြတ်တောက်တာ ၊ ချုပ်လုပ်တာ ၊ ပြန်လည်ပြင်ဆင်တာ၊ ပြန်လည်ပြင်ဆင်ခြင်း နည်းလမ်းတစ်မျိုးမျိုးနဲ့ ကုန်ကြမ်းပစ္စည်းတွေကို ကုန်ချောအဖြစ်ထုတ်လုပ်ပြီး အဲဒီကုန်ချောတွေကို ထုတ်ပိုးပြီးပြည်ပကို ပြန်လည်တင်ပို့ရာမှာ လက်ခရယူဆောင်ရွက်တဲ့စနစ် ဖြစ်ပါတယ်။

ပြည်ပကနေ ကုန်ကြမ်းတင်သွင်းမှုအနေနဲ့ ဈေးနှုန်းချိုသာပြီး များများရတဲ့ တရုတ်နိုင်ငံထုတ်ပိတ်ကို အများဆုံး တင်သွင်းနေပြီး ဇစ်ကိုတော့ ဂျပန်နိုင်ငံကနေ အများဆုံးတင်သွင်းနေပါတယ်။မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှာ အသင်းဝင်ထားတဲ့ အထည်ချုပ်စက်ရုံ ၅၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။