အဆောက်အအုံအသစ်ဆောက်ရင် ဆိုလာစနစ်ပါတပ်ဆင်ပြီး ပိုလျှံတဲ့လျှပ်စစ်တွေကို National Grid အတွင်းကို ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်နိုင်တဲ့အထိ ဆောင်ရွက်သွားရမယ်လို့ နစက အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောပါတယ်။

ဇန်နဝါရီ ၇ ရက်ကပြုလုပ်တဲ့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် အစည်းအဝေးမှာ ကော်မရှင်ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက အခုလို ပြောကြားလိုက်တာပါ။မြန်မာနိုင်ငံမှာ လျှပ်စစ်ထုတ်လုပ်ဖို့အတွက် ရေအားနဲ့ သဘာဝဓာတ်ငွေ့တို့အပေါ် အဓိက မှီခိုနေရတာကြောင့် ဆိုလာစွမ်းအင်လို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုကို တွင်ကျယ်အောင်ဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဆိုလာစနစ်နဲ့ လျှပ်စစ်ဓာတ်ထုတ်လုပ်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်ဖို့နဲ့ ဧရာဝတီမြစ်ရေကိုထိန်းပြီး ရတဲ့နေရာတွေမှာ ရေအား လျှပ်စစ်ထုတ်လုပ်နိုင်မယ့် အနိမ့်တမံတွေတည်ဆောက်ဖို့ မှာကြားထားတဲ့အတွက် အမြန်ဆုံး အကောင်အထည် ဖော်သွားရမယ်လို့လည်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောပါတယ်။

လက်ရှိမှာတော့ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအနေနဲ့ တစ်ရက်ကိုပျမ်းမျှ ၂၂၀၀ မဂ္ဂါဝပ်ခန့်သာရှိပြီး ထုတ်လုပ် နိုင်မှုရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကိုပဲ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။