ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်မှာရှိတဲ့ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)မှာ သံစိမ်း ထုတ်လုပ်ဖို့ အတွက် ကျန်ရှိတဲ့ သံရည်ကျိုမယ့် အလုပ်ရုံကြီး(၃)ရုံကို တခြားနိုင်ငံတွေနဲ့ စာချုပ်ချုပ်ဖို့ ညှိနှိုင်းနေတယ်လို့ စက်မှု ဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ပြောပါတယ်၊၊
လက်ရှိမှာတော့ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)မှာ သံရည်ကျိုမယ့် စက်ရုံအပါအဝင် အလုပ်ရုံခွဲ ၂၂ ရုံရှိပြီး အလုပ်ရုံ ၁၉ ရုံကိုတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်မှာ စမ်းသပ်လည်ပတ်နေတာဖြစ်တယ်လို့ ဆိုပါတယ်၊၊သံရည်ကျိုမယ့် စက်ရုံအပါအဝင် အလုပ်ရုံခွဲ ၂၂ ရုံလုံး လည်ပတ်နိုင်ပြီးဆိုရင်တော့ သံစိမ်းထုတ်လုပ်မှာဖြစ်ပြီး ထွက်ရှိလာတဲ့ သံစိမ်းတွေကိုတော့ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)ကို ပို့ဆောင်မှာပါ။ အဲဒီကနေတစ်ဆင့် သံမဏိအချောင်းတွေ ထုတ်လုပ်မှာဖြစ်ပြီး တချို့တစ်ဝက်ကိုတော့ ပြည်တွင်းမှာရှိတဲ့ စက်မှုဇုန်တွေကို ပံ့ပိုးပေး နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်၊၊
ဒါ့အပြင် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)မှာ သံ၊ သတ္တုရိုင်း တန်ချိန် သန်း ၇၀ ကျော် ထွက်ရှိတာဖြစ်ပြီး အဲဒီ ကနေ တစ်နှစ်ကို တန်ချိန် ၂ သိန်းထုတ်လုပ်နိုင်မှာဖြစ်ကာ လက်ရှိမှာ နည်းပညာတွေ ထောက်ပံ့နိုင်ဖို့အတွက် ပြည်ပပညာရှင်တွေနဲ့ မြန်မာနိုင်ငံက ပညာရှင်တွေပူးပေါင်းပြီး စစ်ဆေးပြုပြင် စမ်းသပ်လည်ပတ်တာနဲ့ ကုန်ထုတ် လုပ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊