ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါဆိပ်ကမ်းဧရိယာရဲ့ အကွက်အမှတ်၂၅နဲ့ ၂၆မှာရှိတဲ့ TMITဆိပ်ကမ်းတံတားကို နှစ်ရှည်လုပ်ငန်းလည်ပတ်စီမံခန့်ခွဲခွင့်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တင်ဒါခေါ်ယူထားပါတယ်။

အဲ့ဒီဆိပ်ကမ်းတံတားကို လုပ်ငန်းအတွေ့အကြုံနဲ့ နည်းပညာပြည့်စုံတဲ့ ပြည်တွင်း/ပြည်ပက ဆိပ်ကမ်းတံတားဝန်ဆောင်မှု ကုမ္ပဏီကြီးတွေထဲက တင်ဒါစည်းကမ်းတွေနဲ့ အမြင့်ဆုံးကိုက်ညီမှုရှိတဲ့ ကုမ္ပဏီတစ်ခုကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ စိစစ်ရွေးချယ်ပြီး လုပ်ပိုင်ခွင့်ဆိုင်ရာသဘောတူစာချုပ်ကို နှစ်ဖက်ချုပ်ဆိုကာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒါကြောင့်စိတ်ဝင်စားတဲ့ ဆိပ်ကမ်းတံတားအတွေ့အကြုံရှိ ကုမ္ပဏီကြီးတွေအနေနဲ့ ဇန်နဝါရီ၂၀ရက်ကနေ ဖေဖော်ဝါရီ၁၈ရက်အထိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံချုပ်မှာ တင်ဒါလျှောက်လွှာဝယ်ယူပြီး ဖေဖော်ဝါရီ၂၀ရက် မွန်းလွဲ၁နာရီနောက်ဆုံးထားကာ ပြန်လည်တင်သွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ၂ရက်ကလည်း သီလဝါဆိပ်ကမ်းဧရိယာအကွက်အမှတ် ၂၇၊ ၂၈နဲ့ ၂၉တို့မှာ စားသုံဆီနဲ့ ကောက်ပဲသီးနှံ အတင်အချပြုလုပ်ဖို့အတွက် ဆိပ်ကမ်းတံတားသစ်တွေတည်ဆောက်ဖို့ Myanmar China Habour Engineeringကုမ္ပဏီ(MCHEC)နဲ့ Myanmar Eidable Oil Industrial အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက်၊ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်တို့အကြား သဘောတူစာချွန်လွှာတွေလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဓာတ်ပုံ-သီလဝါရှိဆိပ်ကမ်းတံတားအချို့(Myanmar Port Authority)