ပြည်ပက ဝယ်ယူတင်သွင်းတဲ့ ထမင်းပေါင်းအိုး၊ ရေနွေးအိုး၊ လျှပ်စစ်မီးပူ၊ လျှပ်စစ်ပန်ကာ အစရှိတဲ့ မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းဈေးနှုန်းတွေဟာ အမြင့်ပိုင်းမှာပဲ ဆက်ရှိနေပြီး အရောင်းအဝယ်လည်း အေးနေတယ်လို့ လျှပ်စစ် ပစ္စည်းအရောင်းဆိုင်တချို့ကနေ သိရပါတယ်။
ပြည်တွင်းဈေးကွက်ကို တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက ထုတ်လုပ်တဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို အများဆုံး တင်သွင်းနေတာပါ။

ပြည်ပကနေ ဝယ်ယူတင်သွင်းတဲ့အခါမှာ နိုင်ငံခြားငွေဈေးတွေ အမြင့်ပိုင်းမှာ ဆက်ရှိနေတာကြောင့် အခုလို လျှပ်စစ်ပစ္စည်း ဈေးနှုန်းတွေကလည်း အမြင့်ပိုင်းမှာ ဆက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စရပ်နဲ့ပတ်သက်လို့ သတင်းအယ်ဒီတာတစ်ယောက်ဖြစ်တဲ့ မသက်သက်မိုးသူက အခုလို သုံးသပ် ပြောကြားထားပါတယ်။

မီးဖိုချောင်သုံး၊ အိမ်သုံးလျှပ်စစ်ပစ္စည်းရဲ့ ဈေးနှုန်းတွေက အရင်ကထက် ၃ ဆလောက်မြင့် တက်လာတယ်လို့ ဗိုလ်တထောင်မြို့နယ်အတွင်းမှာရှိတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

အရင်က ကျပ်တစ်သောင်းအောက်သာရှိတဲ့ ခေါက်ဆွဲပြုတ်၊ ကြက်ဥပြုတ်တဲ့အိုးတွေဟာ လက်ရှိမှာ ထုတ်လုပ်တဲ့ နိုင်ငံအမျိုးအစားနဲ့ အရွယ်အစားအလိုက် အနည်းဆုံး ကျပ်နှစ်သောင်းကနေ အမြင့်ဆုံး ကျပ်တစ်သိန်းဝန်းကျင် အထိ ပေါက်ဈေးရှိလာပါတယ်။

အလားတူ ကျပ်ငါးထောင် ဝန်းကျင်သာရှိခဲ့တဲ့ ၃ မိနစ်ရေနွေးအိုး ဈေးနှုန်းတွေကလည်း အနည်းဆုံး ကျပ် ၂ သောင်းအထက်ကို ရောက်ရှိလာပြီး အရင်က ကျပ် ၂ သောင်းကျော် ဝန်းကျင်သာရှိတဲ့ ထမင်းပေါင်းအိုး၊ ဒယ်နီအိုး၊ မီးပူ စတာတွေရဲ့ ဈေးနှုန်းတွေကလည်း ခုဆိုရင် အနည်းဆုံး ကျပ်သိန်းဂဏန်းအထိ ပေါက်ဈေးရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။