ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လုပ်ဆောင်ရာမှာ ၃ နှစ်စာလိုင်စင်ကြေး ကျပ် ၁၅ သိန်း ပေးသွင်း ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အသိပေးထားပါတယ်။ လိုင်စင်ကြေး ၃ နှစ်စာ ကျပ် ၁၅ သိန်းအပြင် ရွှေအရောင်းအဝယ်ပြေစာ စာအုပ် ၂ အုပ်အတွက် ကျပ် ၃၁၀၀၀ ပါ ပေးသွင်းရမှာ ဖြစ်ပါ တယ်။

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ စိန်နန်းတော်ရွှေဆိုင် အပါအဝင် ရွှေဆိုင် ၃၄ ဆိုင်ဟာ ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ထုတ်ယူခွင့် ရရှိထားပါတယ်။လုပ်ငန်းလိုင်စင်ထုတ်ယူခွင့်ရရှိတဲ့ ရွှေဆိုင်တွေအနေနဲ့ နေပြည်တော်မှာရှိတဲ့ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှုလုပ်ငန်း ရုံးအဖွဲ့မှာ လူကိုယ်တိုင်သွားရောက် ထုတ်ယူရမှာပါ။ အဲဒီလို သွားရောက် ထုတ်ယူတဲ့အခါ သတ်မှတ်ဖောင်တွေမှာ အချက်အလက်တွေကို ရွှေဆိုင်ပိုင်ရှင်ကိုယ်တိုင် ဖြည့်သွင်းပြီး လက်မှတ် ရေးထိုးရမှာ ဖြစ်ပါတယ်။

အဲဒီနောက် နေပြည်တော်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကြေးနဲ့ ရွှေအရောင်းအဝယ်ပြေစာ စာအုပ် ၂ အုပ်အတွက် သတ်မှတ်အခကြေးငွေကို ပေးသွင်းရမယ်လို့ သိရပါတယ်။ဘဏ်မှာငွေသွင်းပြီးရင် ငွေသွင်းပြေစာကို အမှတ်(၂)သတ္တု တွင်းလုပ်ငန်း၊ ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှုလုပ်ငန်း ရုံးကို ပြသကာ လိုအပ်တဲ့ရုံးလုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်ပြီးစီးရင် လိုင်စင်ကတ်နဲ့ ရွှေရောင်း/ဝယ် ပြေစာ စာအုပ် (၂ )အုပ် ချက်ခြင်း ရရှိမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။