ာတ်သတ္တု(ရွှေ)ရောင်းဝယ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူတွေအနေနဲ့ လုပ်ငန်းလိုင်စင် လျှောက်ထားရာမှာ လုပ်ငန်းပမာဏရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ငွေကြေးပမာဏကို ဘဏ်မှာအပ်နှံ ထားတဲ့အထောက်အထား (Bank Statement) တင်ပြရမယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကထုတ်ပြန်ပါတယ်။

အဲဒီလိုတင်ပြရမှာ ဘဏ်မန်နေဂျာကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ မူရင်းစာရွက်ဖြစ်ရမှာဖြစ်ပြီး အပ်နှံရမယ့်ဘဏ်သတ်မှတ်ချက်မရှိဘဲ ဘယ်ဘဏ်မှာမဆိုအပ်နှံထားတဲ့ Bank Statement တင်ပြနိုင်တယ်လို့ ဖော်ပြထားပါတယ်။လုပ်ငန်းလိုင်စင်လျှောက်ထားမယ့်သူတွေအနေနဲ့ အရောင်းအဝယ်ပမာဏကို ရွှေအချိန်နဲ့ ဖော်ပြပေးရမယ်လို့သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဒါမှမဟုတ် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းရဲ့ အဖွဲ့ဝင်ဖြစ်ကြောင်းထောက်ခံချက် ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ရွှေဆိုင်အတွက် လိုင်စင်လျှောက်ထားတာကို ကန့်ကွက်မှုမရှိကြောင်းထောက်ခံချက် ၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်တွေကိုပါ ပူးတွဲတင်ပြရမှာပါ။အဲဒီ့အပြင် အခွန်ဆောင်ထားတဲ့ မြို့နယ် ၊ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်နဲ့ စည်ပင်သာယာရေးကော်မတီကထုတ်ပေးထားတဲ့ လုပ်ငန်းလိုင်စင်ရှိရင်လည်း ပူးတွဲတင်ပြရမယ်လို့သိရပါတယ်။

လုပ်ငန်းလိုင်စင်ကိုတော့ နိုဝင်ဘာလ ၁၈ ရက်ကနေ ဖေဖော်ဝါရီလ ၁၇ ရက်အထိ သုံးလအတွင်း နောက်ဆုံးထားလျှောက်ထားရမယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနကထုတ်ပြန်ထားပါတယ်။
သတ်မှတ်ပေးထားတဲ့ အချိန် ၃ လ အတွင်း ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်တဲ့ ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်မလျှောက်တဲ့သူတွေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နဲ့အညီ အရေးယူမယ်လို့လည်း သိရပါတယ်။