ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်တဲ့ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူတွေအနေနဲ့ လုပ်ငန်းလိုင်စင်ကို နိုဝင်ဘာလ ၁၈ ရက်ကနေ ဖေဖော်ဝါရီလ ၁၇ ရက်အထိ သုံးလအတွင်း အပြီးလျှောက်ထားရမယ်လို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုသတ်မှတ်ပေးထားတဲ့ အချိန် ၃ လအတွင်း ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်တဲ့ ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် မလျှောက်ဘဲ အရောင်းအဝယ်ပြုလုပ်သူတွေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နဲ့အညီ အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးနှုန်းအတိုင်း အရောင်းအဝယ် မလုပ်တဲ့သူတွေကိုလည်း အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နဲ့အညီ အရေးယူ မယ်လို့ ဆိုပါတယ်။လက်ရှိမှာ ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားတဲ့ဆိုင်တွေရှိသလို လိုင်စင်မလျှောက်တော့ဘဲ ပိတ်ဖို့ ပြင်ဆင်နေတဲ့ ဆိုင်တချို့ရှိနေတယ်လို့ ရန်ကုန်မြို့ကရွှေဆိုင်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

ရွှေရောင်းဝယ်ဖို့အတွက် ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ထဲမှာ အမျိုးအစားနှစ်မျိုးပါဝင်ပြီး လျှောက်လွှာပုံစံ တစ်စောင်စီနဲ့ လျှောက်ထားရမှာပါ။ ဒီလိုင်စင်နှစ်မျိုးကတော့ စံချိန်မီရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်နဲ့ ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာတွေ၊ ရွှေ၊ ရွှေကြမ်းနဲ့ ပြုလုပ်တဲ့ အနုပညာပစ္စည်းတွေနဲ့ အသုံးအဆောင် ပစ္စည်းများ ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်တို့ ဖြစ်ပါတယ်။ လုပ်ငန်းလိုင်စင်ရရှိတဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် ကုမ္ပဏီဟာ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီက သတ်မှတ်ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးနဲ့သာ ရောင်းဝယ်တာ ပြုလုပ်ရမယ်လို့ သတ်မှတ်ထား ပါတယ်။

ဒါ့အပြင် နေ့စဉ်၊ လစဉ် အရောင်းအဝယ်စာရင်းနဲ့ လက်ကျန်စာရင်းတွေကို တင်ပြရမှာဖြစ်သလို ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ရောင်းဝယ်တာ မပြုရဘူးလို့လည်း သတ်မှတ်ထားပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ကစပြီး ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သိပ်သည်းဆ ၁၉ ဒသမ ၂၅ ဂရမ် / ကုဗစင်တီမီတာနဲ့ အထက်ရှိတဲ့ စံချိန်မီရွှေတစ်ကျပ်သားရဲ့ ရည်ညွှန်းဈေးတွေကို နေ့စဉ် ထုတ်ပြန်ပေးနေပြီး ဒီဇင်ဘာ ၁၁ ရက်အတွက် ရည်ညွှန်းဈေးကတော့ ကျပ် ၅၃ သိန်း ၈ သောင်း ဖြစ်ပါတယ်။