ပြည်တွင်းမှာရှိတဲ့ နာမည်ကြီးရွှေဆိုင်တွေ အပါအဝင် ရွှေဆိုင်ပိုင်ရှင် ၁၈၂ ယောက်ကို ဓာတ်သတ္တု(ရွှေ) ဝန်ဆောင် မှုလုပ်ငန်းလိုင်စင် ထပ်မံထုတ်ယူခွင့် ပြုလိုက်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ရွှေဆိုင်ပိုင်ရှင် ၄၀ ကို လုပ်ငန်းလိုင်စင် ချထားပေးခဲ့ပြီး အခုတစ်ကြိမ်မှာတော့ ရွှေဆိုင်ပိုင်ရှင် ၁၈၀ ကျော်ကို လိုင်စင်ထပ်မံချထားပေးတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

လုပ်ငန်းလိုင်စင်ထုတ်ယူခွင့်ရရှိတဲ့ ရွှေဆိုင်တွေအနေနဲ့ နေပြည်တော်မှာရှိတဲ့ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းရုံးအဖွဲ့မှာ လူကိုယ်တိုင်သွားရောက် ထုတ်ယူရမှာဖြစ်ပြီး ထုတ်ယူတဲ့အခါမှာ လိုင်စင်ဓာတ်ပုံ ၂ ပုံနဲ့ မှတ်ပုံတင်မူရင်း ယူဆောင်သွားရမှာပါ။ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိ လျှောက်ထားခွင့်ပြုခဲ့တာဖြစ်ပါတယ်။ သတ်မှတ်ကာလ ၃ လအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာ လိုင်စင်လျှောက်ထားတဲ့ ရွှေဆိုင် ၁၆၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

ရွှေလုပ်ငန်းလိုင်စင်နဲ့ စနစ်တကျဆောင်ရွက်တဲ့အခါမှာ ရွှေဈေးနှုန်း တည်ငြိမ်နိုင်မှာဖြစ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ အခွန်ထမ်းဆောင်ထားတဲ့အတွက် တရားဝင်ခွင့်ပြုထားတဲ့အခွင့်အရေးတွေ ရရှိလာနိုင်မှာ ဖြစ်တယ်လို့ သိရပါ တယ်။ လုပ်ငန်းလိုင်စင်ရရှိတဲ့ လူပုဂ္ဂိုလ်၊ ကုမ္ပဏီဟာ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးနဲ့သာ ရောင်းဝယ်တာတွေ ပြုလုပ်ရမယ်လို့ သတ်မှတ်ထားပါတယ်။