အခုနှစ် အတွင်း ရေနံနဲ့သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်တဲ့ အနည်ကျ ချိုင့်ဝှမ်းနဲ့ ရေနံမြေသစ်တွေ ရှာဖွေတွေ့ရှိ နိုင်ဖို့ သက်ဆိုင်ရာတက္ကသိုလ်များနဲ့ပူးပေါင်းကာ ကွင်းဆင်းလေ့လာ သုတေသနပြုလုပ်ဖို့ လိုအပ်တယ်လို့ စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ အသုံးချ သုတေသနဌာနကို သွားရောက်ကြည့်ရှုရာမှာ ပြောကြားခဲ့ တာပါ။တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး Project Base သုတေသနကျမ်းတွေ ထွက်ပေါ်လာရေးဆောင်ရွက်ဖို့လိုပြီး အဲဒီ ကနေတစ်ဆင့် Apply Research အဆင့်အထိရောက်အောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။

ရေနံနှင့်သဘာဝဓာတ်ငွေ့တွေ တူးဖော်စမ်းသပ်ရာမှာ အရေးကြီးဆုံးဖြစ်တဲ့ အရည်အသွေးမှန်ကန်တဲ့ အဖြေတွေ ရရှိဖို့ သုတေသနနဲ့ ဓာတ်ခွဲခန်းလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်ဖို့၊ ဓာတ်ခွဲသုတေသနဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး မျိုးဆက်သစ်ဝန်ထမ်းတွေကို လက်ဆင့်ကမ်း သင်ကြားပေဖို့နဲ့ နည်းပညာတွေ မျှဝေတာအပြင် တိုးတက်လာတဲ့ နည်းပညာတွေကို မျက်ခြည်မပြတ် စောင့်ကြည့် လေ့လာထားဖို့ လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့ပါတယ်။