လာမယ့် ဖေဖော်ဝါရီလကစပြီး ရေထွက်ကုန်ပစ္စည်း တင်သွင်းတဲ့ သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ အီလက် ထရောနစ် (MACCS)စနစ်နဲ့ အသုံးပြုဆောင်ရွက်ရမှာ ဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက် လုပ်ငန်းစဉ်ပါအတိုင်း စာရွက် စာတမ်းအသုံးပြုမှု လျှော့ချပြီး အီလက်ထရောနစ်စနစ်နဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရည်မှန်းချက်တွေနဲ့အညီ ကုန်သွယ်မှုလုပ်ငန်းတွေမှာ လိုအပ်တဲ့ အချက်အလက်တွေကို အီလက်ထရောနစ်နဲ့ ပေးပို့နိုင်ရေး စီစဉ်ဆောင်ရွက် နေရာ အကောက်ခွန်ဦးစီးဌာနရဲ့ MACCS စနစ်ကို အသုံးပြုဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ ဇန်နဝါရီလ ၁၅ ရက်ကစပြီး အကောက်ခွန်ဦးစီးဌာနမှာ MACCS User Code နှင့် E -Token တွေကို စာရွက်စာတမ်းတွေနဲ့ ပူးတွဲလျှောက်ထားရမှာဖြစ်ပါတယ်။

အဲဒါကြောင့် ပြည်တွင်းစားသုံးဖို့ တင်သွင်းမယ့် လုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပကနေ ရေထွက်ပစ္စည်းတွေ တင်သွင်းတာမပြုမီ လိုအပ်တဲ့ စာရွက်စာတမ်းအထောက်အထားတွေနဲ့ မြန်မာအလိုအလျောက် ကုန်ပစ္စည်းရှင်းလင်းရေးစနစ်(MACCS) မှာ ပူးတွဲလျှောက်ထားရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလကုန်အထိ ကိုးလတာအတွင်း ပြည်ပကို ရေထွက်ကုန် ပစ္စည်း တင်ပို့မှုအနေနဲ့ တန်ချိန် ၄၀၀၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၂၁ သန်းရရှိခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။