ရူပီးနဲ့ကျပ်ငွေ ကုန်သွယ်မှုပေးချေရေး ယန္တရားကို စတင်ဆောင်ရွက်နေပြီး ပဲမျိုးစုံတင်ပို့မှုအတွက် ရူပီး တစ်ကုဋေ ကျော် ပေးချေထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။
ကုန်သွယ်ရေးငွေပေးချေမှုမှာ ပထမဆုံးအကြိမ် ရူပီးနဲ့ ကျပ်ငွေ တိုက်ရိုက်ငွေပေးချေမှုအဖြစ် ပဲမျိုးစုံတင်ပို့မှုအတွက် ရူပီး တစ်ကုဋေကျော်ကို ပန်ဂျပ်အမျိုးသားဘဏ် ရန်ကုန်ရုံးကနေ ဇူလိုင် ၂ ရက်က အောင်မြင်စွာ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ရူပီးနဲ့ ကျပ်ငွေ ပေးချေရေးယန္တရားမှာ အကျိုးရှိစေဖို့ နှစ်ဖက်စလုံးက စီးပွားရေးလုပ်ငန်းတွေကို တိုက်တွန်းထား တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုမှာ ရူပီး၊ ကျပ် တိုက်ရိုက် ပေးချေမှုကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နှစ်နိုင်ငံအကြား သံတမန်လမ်းကြောင်းကတစ်ဆင့် အိန္ဒိယနိုင်ငံသံရုံးနဲ့ အိန္ဒိယနိုင်ငံဗဟိုဘဏ် (RBI)နဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေပြုလုပ်ပြီး ကုန်သည်ကြီးတွေအနေနဲ့ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုအတွက် ရူပီးနဲ့ လိုင်စင် လျှောက်ထားပြီး ဘဏ်လမ်းကြောင်းက တစ်ဆင့် တရားဝင်အသုံးပြုနိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားထားပါတယ်။
ရူပီး-ကျပ် တိုက်ရိုက်ပေးချေမှုအတွက် မြန်မာနိုင်ငံဘက်က CB နဲ့ UAB ဘဏ်တွေကို ခွင့်ပြုပေးထားပြီး အိန္ဒိယဘက်က ပန်ဂျပ်အမျိုးသားဘဏ်ကို ခွင့်ပြုပေးထားတာဖြစ်တယ်လို့ ဗဟိုဘဏ်ကနေ သိရပါတယ်။