မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာစနစ်နဲ့ ကုန်သွယ်မှုကနေ အမေရိ ကန်ဒေါ်လာ သန်း ၃၀ ကျော်ဖိုး ခွင့်ပြုထားပြီး ဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နေ သိရပါတယ်။
နယ်စပ်ကုန်သွယ်ရေး နည်းလမ်းအသစ်တစ်ခုဖြစ်တဲ့ မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေး ရန်ကုန်-ကော့သောင်း-ရနောင်းကို ကမ်းရိုးတန်းဆိပ်ကမ်းကနေ ကွန်တိန်နာစနစ်နဲ့ ကုန်သွယ်မှုဆောင်ရွက်ခွင့်ကို သက်ဆိုင်ရာဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နိုင်ရေးအတွက် ထုတ်ပြန်အသိပေးထားပြီး ဖြစ်ပါတယ်။

အဲဒီကုန်သွယ်မှုနည်းလမ်းနဲ့ တင်သွင်းမှုတွေကို ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် ဇူလိုင် ၈ ရက်ထိ ပို့ကုန် လိုင်စင် ၁၅ စောင် အမေရိကန်ဒေါ်လာ ၄ သန်းကျော်ဖိုးနဲ့ သွင်းကုန်လိုင်စင် ၅၉၈ စောင် အမေရိကန်ဒေါ်လာ ၂၆ သန်းကျော်ဖိုး ခွင့်ပြုထားတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လုပ်ငန်းစတင်ဆောင်ရွက်မှုအနေနဲ့ ဇွန်လ ၃၀ ရက်က ရန်ကုန်မြို့ MIP ဆိပ်ကမ်းကနေ ပြောင်းဖူးစေ့နဲ့ သန့်စင်ပြီး သတ္တုတွေ တင်ဆောင်ပြီး ထွက်ခွာခဲ့ရာ ကော့သောင်းကုန်သွယ်ရေးစခန်းမှာ ဇူလိုင် ၈ ရက်က စစ်ဆေးခံပြီး ရနောင်းကို ဆက်လက်ထွက်ခွာခဲ့ကြောင်းနဲ့ ရနောင်းဆိပ်ကမ်းမှာ ကုန်ချတာနဲ့ သွင်းကုန်တွေကို တင်ဆောင်တာ တွေ ပြုလုပ်ပြီး ဇူလိုင် ၁၀ ရက်မှာ ရနောင်းကနေ ပြန်လည်ထွက်ခွာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။