ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ အိမ်ခန်းတိုက်ခန်း ငှားရမ်းသူတွေ များလာပြီး အခန်းငှားရမ်းခ နှုန်းထားတွေကလည်း မြင့်တက်လာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်ဈေးကွက် အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနှစ်ပိုင်းမှာ ရန်ကုန်ကို ပြောင်းရွှေ့နေထိုင်သူတွေ များလာတာကြောင့် တိုက်ခန်းအငှားဈေးကွက်က မြင့်တက် လာပြီး အရင်က တစ်သိန်းခွဲဝန်းကျင်သာရှိတဲ့ တိုက်ခန်းတစ်ခန်း ငှားရမ်းခဟာ ခုဆိုရင် ကျပ် ၃ သိန်းလောက် အထိ ဖြစ်လာတယ်လို့ i Myanmar House ရဲ့ Head of Operations ဒေါ်အေးစုမွန် ကပြောပါတယ်။ ရန်ကုန်ရဲ့ အိမ်အငှားဈေးကွက်ထဲမှာ ကျပ် ၁၀ သိန်း ဝန်းကျင်အောက် အိမ်ခန်းတွေ အငှားသွက်နေပြီး လုံးချင်း အိမ်ကြီးတွေနဲ့ ကွန်ဒိုတိုက်ခန်း အငှားဈေးနှုန်းတွေကတော့ ကျဆင်းနေတယ်လို့ အိမ်ခြံမြေဈေးကွက်ကနေ သိရပါတယ်။

ဆိုင်ခန်းအငှားအနေနဲ့ကတော့ လူစည်ကားတဲ့နေရာတွေမှာ ငှားရမ်းမှု အများဆုံးဖြစ်ပြီး အခုလထဲမှာ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်ရော ဈေးနှုန်းတွေပါ ငြိမ်နေတယ်လို့ သိရပါတယ်။ရန်ကုန်မှာဆိုရင် ကျပ်သိန်း ၁ ထောင်ကနေ ကျပ်သိန်း ၃ ထောင်ဝန်းကျင်တန်ဖိုးရှိတဲ့ မြေကွက်တွေနဲ့ ကျပ် သိန်း ၂ ထောင်ကနေ ကျပ်သိန်း ၄ ထောင်တန်ဖိုးရှိတဲ့ ကွန်ဒိုနဲ့တိုက်ခန်းတွေ အဝယ်လိုက်နေတယ်လို့ သိရပါတယ်။