အများပိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ E-Choice Taxi Co.,Ltd က ရန်ကုန်မြို့မှာ EV Taxi တွေ ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ အဲဒီကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ EV Taxi ယာဉ်တွေနဲ့ ပြေးဆွဲဖို့အတွက် ရှေ့ပြေးစီမံကိန်းအနေနဲ့ ကားအစီးရေ ၁၀၀ နဲ့ ပြေးဆွဲပေးမှာဖြစ်ပြီး လက်ရှိမှာ ၁၈ စီးလောက် ရောက်ရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ နိုင်ငံခြားက ရောက်ရှိလာတဲ့ EV ယာဉ်တွေကို ကညနမှတ်ပုံတင်တာနဲ့ ပြေးဆွဲခွင့် လုပ်ငန်း လိုင်စင် လျှောက်ထားတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အဲဒီလို လုပ်ဆောင်ပြီးရင်တော့ ဒီဇင်ဘာလ နောက်ဆုံးပတ် ဒါမှမဟုတ် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ပထမပတ်ထဲမှာ စတင်ပြေးဆွဲဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ E-Choice Taxi Co.,Ltd က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

EV Taxi ယာဉ်စီးခနှုန်းထားတွေကိုလည်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ကြီးကြပ်ရေးဌာနရဲ့ သတ်မှတ် လမ်းညွှန်တဲ့ ဈေးနှုန်းတွေအတိုင်း ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။ အခုလက်ရှိမှာတော့ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ ရန်ကုန်မြို့တွင်းကို Grab အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီက EV Taxi တွေနဲ့ ပြေးဆွဲ ပေးနေတာရှိသလို နေပြည်တော်နဲ့ မန္တလေးမှာလည်း EV Taxi တွေ ပြေးဆွဲ ပေးနေတာ ရှိပါတယ်။