ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကနေ ရန်ကုန်ကို ထွက်လာတဲ့ ကုန်တင်သင်္ဘော တစ်စင်းဟာ ဇူလိုင် ၁၉ ရက်၊ မနက်ပိုင်း က ရန်ကုန်မြစ်ဝအနီး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တယ်လို့ အဲဒီဖြစ်စဉ်ကို သိရှိသူတစ်ယောက်က ပြောပါတယ်။

အဲဒီသင်္ဘောဟာ ကော့သောင်းကနေ ရန်ကုန်မြို့ကိုအဝင် ရန်ကုန်မြစ်ဝ ရေကြောင်းပြစခန်းနဲ့ ရေမိုင် ၇ မိုင်အကွာ ပင်လယ်ပြင်မှာ မတော်တဆဖြစ်ပြီး နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ အခု နစ်သွားတဲ့သင်္ဘောက ရွှေပြည့်ချမ်းသာ သင်္ဘော ဖြစ်ပါတယ်။

အဲဒီသင်္ဘောပေါ်မှာတော့ အိမ်သုံးပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ တင်ဆောင်လာတာဖြစ်ပြီး သင်္ဘော နစ်မြုပ် မှုကြောင့် ကုန်ပစ္စည်းတွေ အားလုံး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
သင်္ဘောနစ်မြုပ်တာကို တပ်မတော်(ရေ)သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတစ်စင်းတို့က အချိန်မီ လာရောက် ကူညီ တဲ့အတွက် နစ်မြုပ်တဲ့ သင်္ဘောပေါ် ပါလာတဲ့ သင်္ဘောသားတွေကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူ တစ်ယောက်က ပြောပါတယ်။